Blogger Widgets
Wednesday, March 28, 2012
KIC ကဆရာမစူစဲနာလှလှစိုးသတင်း
မတ်လ ၂၈ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အမေရိကန်နိုင်ငံ အခြေစိုက် လူမှုရေးအဖွဲ့အစည်းပေါင်းစုံ ဖွဲ့စည်းထားသည့် InterAction အဖွဲ့က နှစ်စဉ် ပေးအပ်လျှက်ရှိသည့် လူမှုဦး ဆောင်ဆုကို ယခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအဖြစ် ကရင်အမျိုးသမီး နော်စူစဲနာလှလှစိုးက ဆွတ်ခူးရရှိခဲ့သည်။
ဆုချီးမြှင့်ခံရမှုအပေါ် ဆရာမ နော်စူစဲနာလှလှစိုးက “ပထမဆုံးတော့ ပျော်တယ်။ ကိုယ်လုပ်တဲ့အဖွဲ့အစည်း၊ ကိုယ့်နဲ့တွဲလုပ်နေတဲ့ ၀န်ထမ်း တွေအတွက်ကော ဂုဏ်ယူတယ်။ နောက်ပြီး မြန်မာပြည်မှာ ရှိတဲ့လူတွေအတွက်ကော ကိုယ်က ကရင်အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက် ကရင်တစ်ယောက်အနေနဲ့ကော ဂုဏ်ယူပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
အမေရိကန်နိုင်ငံ အခြေစိုက် Interaction အဖွဲ့က တိုးတက်ဆဲနိုင်ငံများရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများတွင် လူထုအကျိုးပြုလုပ် ငန်းများကို ထူးခြားသည့် ခေါင်းဆောင်မှု အရည်အချင်းများနှင့် ပါဝင်လုပ်ကိုင်နေသူများအား အသိအမှတ်ပြုသည့်အနေဖြင့် နှစ်စဉ် ဆုချီး မြှင့်ပေးလျှက်ရှိရာ ယခုနှစ်၏ လူသားချင်းစာနာမှုဆုကို နော်စူစဲနာလှလှစိုးအား ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ထိုဆုအတွက် ကမ္ဘာ့လုံးဆိုင်ရာ တိုးတက်ပြောင်းလဲမှုဖြစ်သည့် ဘေးဒုက္ခကယ်ဆယ်ရေး၊ လူသားချင်းဆိုင်ရာတိုးတက်မှု၊ ဒုကွသည်များ ကူညီပံ့ပိုးမှု၊ လူမှုအဖွဲ့အစည်းလုပ်ငန်း၊ မျှတသည့် စီးပွားရေးဆိုင်ရာ ပြောင်းလဲမှု၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာ ရေး၊ လူဦးရေထိန်းညှိရေးနှင့် ဒေသတွင်း ပေါ်လစီရေးဆွဲပြဋ္ဌာန်းခြင်းများတွင် အားကြိုးမာန်တက် ဆောင်ရွက်သူများကို ရွေးချယ်ခြင်းဖြစ် သည်။
ရန်ကုန်တက္ကသိုလ်တွင် ဇီဝဗေဒ အထူးပြုဘာသာရပ်ဖြင့် မာစတာဘွဲ့ရရှိခဲ့သလို အမေရိကန်နိုင်ငံ အရှေ့ပိုင်းတက္ကသိုလ်၌ စီးပွားရေးနှင့် စီမံခန့်ခွဲရေး မာစတာဘွဲ့(M.B.A)ကိုလည်း ရရှိခဲ့သူ နော်စူစဲနာသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကုလသမဂ္ဂ-UN မှ ဦးစီးကျင်းပသည့် “ပဋိပက္ခအခြေအနေများမှ အမျိုးသမီးများကို ကာကွယ်နိုင်ရေး” ဟူသည့် အစည်းအဝေးတစ်ရပ်ကို မြန်မာပြည် အမျိုးသမီးများကိုယ်စား တက်ရောက်လျှက်ရှိသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံ၏ ပြည်ထောင်စုနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အမျိုးသမီးများ၏ လက်မှတ်ပေါင်း တစ်သောင်းနှစ်ထောင် စုပေါင်းရေးထိုးထားသည့်စာကို သမ္မတဦးသိန်းစိန်ထံ စာတင်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ ပါဝင်ခွင့်ပြုရန် KWAG အနေဖြင့် တင်ပြခဲ့သည်ဟု နော်စူစဲနာလှလှစိုးက ပြောသည်။
သူမက “တင်ကတည်းက ပြန်စာတွေဘာတွေရမယ်လို့ မမျှော်လင့်ဘူး။ ကျမတို့ နှစ်စဉ် အမျိုးသမီးတွေ စုပေါင်းပြီးတော့ အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ကိုလည်း ကျင်းပခဲ့ကြတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေလည်း လုပ်ခဲ့တယ်။ ကရင်အမျိုးသမီး အဖွဲ့တစ်ခုဖြစ်တဲ့အတွက် လောလောဆယ် KNU နဲ့ အစိုးရ လုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကိုလည်း တက်တက်ကြွကြွ ပါဝင်ဖို့ ကြိုး စားသွားမှာပါ”ဟု ဆိုသည်။
နော်စူစဲနာလှလှစိုးက စစ်ဖြစ်ပွားရာဒေသများတွင် အခက်အခဲများကြားမှ ကိုယ်ကျိုးမဖက်ဘဲ ကူညီလုပ်ဆောင်နေသူ ကရင်အမျိုးသမီး များကိုလည်း ယခုလို အားပေးစကား ပြောကြားခဲ့သည်။
“ကျမတို့ ကရင်အမျိုးသမီးတွေဟာ ကမ္ဘာမှာ မညံ့ပါဘူး။ စိတ်ရင်းစေတနာရင်းနဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ အဲဒီအတိုင်းပဲ ဆက်လက်ပြီး ကြိုးစားသွားမယ်ဆိုရင် ကျမတို့လိုလားတဲ့ ပန်းတိုင်ကို ရောက်မှာပါ”ဟု ၎င်းက ပြောသည်။
ရန်ကုန်အခြေစိုက် ကရင့်အမျိုးသမီးများလှုပ်ရှားမှုအဖွဲ့(KWAG)၏ စီမံခန့်ခွဲရေး ဒါရိုက်တာတစ်ဦးဖြစ်သူ နော်စူစဲနာလှလှစိုးသည် မြန်မာ ပြည်ရှိ အမျိုးသမီးများ အရည်အချင်း မြှင့်တင်ရေးနှင့် အခွင့်အရေးဆိုင်ရာ သင်တန်းများပေးနေသည့်အပြင် ဆင်းရဲနွမ်းပါးသည့် မိသားစု များအတွက် ငွေချေးလုပ်ငန်းများ၊ နွမ်းပါးကလေးများအတွက် ပညာရေးပံ့ပိုးပေးမှုလုပ်ငန်းများအပြင် နာဂစ်မုန်တိုင်းသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသူဖြစ်သည်။
ထို့အပြင် သူမသည် World Vision ၏ လူမှုအဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးရေး ညွှန်ကြားရေးမှူးအဖြစ်လည်းကောင်း၊ အမျိုးသမီးအဖွဲ့ ၂၇ဖွဲ့ ပါဝင်သော မြန်မာအမျိုးသမီးကွန်ယက်အဖွဲ့၏ ဥက္ကဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ကွန်ယက်အဖွဲ့အစည်း ၅၀ပါဝင်သော အမျိုးသ မီးကာကွယ်ရေးလှုပ်ရှားမှုအဖွဲ့၏ အလှည့်ကျ ကော်မတီဝင်အဖြစ်လည်းကောင်း တာဝန်ယူ ဆောင်ရွက်လျှက်ရှိသည်။
၂၀၁၂ခုနှစ်အတွက် Interaction ၏ ဆုရရှိသူ ၄ဦးနှင့် World Vision အဖွဲ့ကို အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ Annual Gala Banquet ခမ်းမတွင် လာမည့် မေလ ၁ရက်နေ့ ည ၇း၃၀မှ ၉း၃၀နာရီအထိ ဆုများအပ်နှင်းသွားမည်ဖြစ်ကြောင်း Interaction ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Tuesday, March 27, 2012
ဂုဏ်ယူပါတယ်ဆရာစူဇန်နာလှလှစိုး
 ဆ ရာ မ ဟာ ဒီ ဆု ကို ထိုက် ထိုက် တန် တန် ရ တာ ပါ။ ဆ ရာ မ လုပ် ခဲ့ တာ တွေ အ များ ကြီး ပါ။ အဲ ဒီ အ ထဲ က ကျွန် တော် အ လေး စာ ဆုံး က တော့ KDC ဖွဲ့ ထား ခဲ့ တဲ့ က ရင် အ မျိုး သ မီး အ ဖွဲ့ ကို တည် တံ့ အောင် တိုး တက် အောင် စ နစ် တ ကျ ဖြစ် အောင် ဦး ဆောင် ခဲ့ ပြီး တော့ နာ ဂစ် တုန်း က အ များ ကြီး အ လုပ် လုပ် နိုင် ခဲ့ သ လို ပဲ ခူး ရိုး မ ကြွက် ကျ လို့ အ ငတ် ဘေး ကြုံ နေန တဲ့ လူ ထု ကို ( Karen Women Action Group) ဆို ပြီး အ ကူ အ ညီ ပေး ခဲ့ ပါ တယ်။ ဂုဏ် ယူ လေး စား ပါ တယ် ဆ ရာ မ။
Humanitarian Award
Each year InterAction recognizes an individual or individuals who have demonstrated extraordinary leadership in support of non-governmental organizations (NGOs) and the people they serve in the developing world. As our community’s national staff and national counterparts often must surmount significant obstacles in order to carry out their work effectively in their own home countries or regions, InterAction seeks to honor these individuals and their bravery and commitment to the most vulnerable populations in their own communities.
The award is meant to recognize individuals whose work reflects important leadership qualities such as courage, initiative, creativity, grace under pressure, personal integrity, personal sacrifice, and who have made significant contributions in the developing world in any of the following areas: disaster relief, human development, refugee assistance, civil society, equitable economic development, health, environment, education, population, or public policy. This year's winner:
Naw Susanna Hla Hla Soe is an advocate, activist and practitioner for a holistic well-being of women and children in Myanmar. She is currently the Executive Director of Karen Women Action Group (KWAG), a Yangon-based local civil society organized engaged in capacity building and empowerment training for women in particular, and microfinance programs for families, education support for impoverished children, and emergency relief for disaster-affected communities in general. While working as a mid-level professional and community development supervisor at World Vision Myanmar, Naw Susanna actively volunteered at KWAG. With the passion to work more closely with the grassroots and the desire to serve as a voice for the underrepresented poor and women, Naw Susanna has devoted her work full time to KWAG since 2010.
In addition to her work with KWAG, Naw Susanna is the chair of Women Organization’s Network of Myanmar (WON), an umbrella group of 27 local women organizations. She is also a steering committee member of Women’s Protection Technical Working Group, a network of 50 organizations in Myanmar including UN agencies, international NGOs and CSOs collaborating on advocacy and government relation issues over the protection of women. Naw Susanna earned both bachelor's and master's degrees in zoology from Rangoon University in Myanmar, and also earned M.B.A. from Eastern University in the United States.
Susanna will recieve her award at the Annual Gala Banquet, Tuesday May 1 from 7:30 until 9:30 p.m.
Friday, March 23, 2012
KNU သမိုင်းတရားခံမဖြစ်စေရန် KPC မှသတိပေး (KIC)
မတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU)အနေဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ကရင်တမျိုးသားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြု သင့်ကြောင်း ကရင်ငြိမ်းချမ်းရေးကော်မတီ- KPC ခေါင်းဆောင်များက မတ်လ ၂၀ရက်နေ့က ဆွေးနွေးပြောဆိုခဲ့ကြသည်။
ထိုနေ့ညနေတွင် ကရင်ပြည်နယ် ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် KPC ဆရာတော်များ၏ အထူး အစည်းအဝေးတွင် KNU ဖော်ဆောင်သော ငြိမ်းချမ်းရေးကို အပြုသဘော ကြိုဆိုသော်လည်း KNU အနေဖြင့် သမိုင်းစာမျက်နှာ၌ တစ်မျိုး သားလုံး၏ သမိုင်းတရားခံ မဖြစ်ရန် သတိပြုသင့်သည်ဟု ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုအစည်းအဝေးတွင် တောင်ပတ်ဆရာတော်၊ တောင်ကလေးဆရာတော်၊ ဘီးရှော့ဖိုးရေ၊ ဘီးရှော့ ဒီဝှိုက်ကျင်း၊ သိက္ခာတော်ရ ဆရာ တော် ဒေါက်တာဂျိမ်း(စ်) ကေဘန်တို့ စသည့် KPC ၏ ဦးဆောင်ဆရာတော် ၅ပါး ပါဝင်ခဲ့ကြသည်။
ကရင့်အရေးသည် ကရင်အမျိုးသားတစ်ရပ်လုံးနှင့် သက်ဆိုင်သည့်အတွက် ကရင်လူထုအင်အား တစ်ရပ်လုံး မပါဘဲ ဖော်ဆောင်သော ငြိမ်းချမ်းရေးသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖြစ်မည်မဟုတ်ကြောင်း ခံယူသကဲ့သို့ အမှန်တရားကို အခြေမခံသော ငြိမ်းချမ်းရေး သည် ထာဝရ ငြိမ်းချမ်းရေး မည်သို့မျှ မဖြစ်နိုင်ဟု KPC ဆရာတော်များက ရှုမြင်သုံးသပ်ကြသည်။
၎င်းအပြင် ကရင်အမျိုးသား၏ စီးပွားကို ပျက်ပြားစေမည့် ငြိမ်းချမ်းရေးမျိုးမဖြစ်စေရန်နှင့် တစ်ပါးသူတို့၏ ချယ်လှယ်သော ငြိမ်းချမ်းရေး ဖော်ဆောင်မှုမျိုး မဖြစ်စေရန် အထူးသတိပြုသင့်သည့်အတွက် KNU အနေဖြင့် အစိုးရနှင့် ထပ်မံ တွေ့ဆုံရာတွင် ကရင်ပြည်သူအားလုံး၏ အကြံဉာဏ်များကို ရယူသွားမည်ဟု KPC ၏ အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြပါရှိသည်။
KNU ၏ ဒု ဥက္ကဌ ပဒိုစောဒေးဗစ်သကဘောက “ဒါ တစ်မျိုးသားလုံးကိစ္စဆိုတော့ အားလုံးရဲ့ အကြံအဉာဏ်တွေကို ယူမှာပါ။ ကရင်ပြည် နယ်တင်မကဘူး။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းမှာရှိ ကရင်ပြည်သူတွေရဲ့ အကြံဉာဏ်တွေ ယူမယ်။ နောက် တစ်ခေါက်သွားရင်ပေါ့လေ”ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကိုယ်စားလှယ်တို့နှင့် သွားရောက်ဆွေးနွေးခဲ့သော KNU ကိုယ်စားလှယ်အ ဖွဲ့သည် အကြောင်းအမျိုးမျိုးကြောင့် KPC ကို သီးသန့် သွားရောက် တွေ့ဆုံနိုင်ခြင်းမရှိသော်လည်း နောက်တစ်ခေါက် ခရီးစဉ်တွင် မဖြစ် ဖြစ်အောင် သွားရောက်တွေ့ဆုံမည်ဟု KNU ဘက်က ပြောဆိုသည်။
နှစ်ပေါင်း (၆၀)ကျော်ကြာ တိုက်ပွဲဝင်ခဲ့သည့် KNU အဖွဲ့သည် မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရ ငြိမ်းချမ်းရေးဖော် ဆောင်ရေးအဖွဲ့နှင့် ပြည်နယ်အဆင့် ပဏာမ အပစ်အခတ် ရပ်စဲရေး သဘောတူညီစာချုပ်ကို ယခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့က ချုပ်ဆိုခဲ့ သည်။
ထိုကာလနောက်ပိုင်း KNU အဖွဲ့သည် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ တတ်သိပညာရှင်များနှင့် ခရိုင်၊ တပ်မဟာ ခေါင်း ဆောင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး လာမည့် ဧပြီလဆန်းပိုင်းတွင် အစိုးရနှင့် ဒုတိယအကြိမ် သွားရောက်တွေ့ဆုံနိုင်ရန်အ တွက် ပြင်ဆင်ထားသည်ဟုလည်း ပဒိုဒေးဗစ်သကဘောက ဆက်ပြောသည်။
ဘားအံမြို့အခြေစိုက် Karen Peace Committee-KPC ကို ကရင်လူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်ရေးနှင့် မြန်မာပြည်ငြိမ်းချမ်းရေး အတွက် ၂၀၀၄ခုနှစ်က ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဗုဒ္ဓဘာသာ သံဃာတော် ၅ပါးနှင့် ခရစ်ယာန်ဆရာတော် ၄ပါးဖြင့် စတင် ဖွဲ့စည်းခဲ့ သည်။
အစိုးရနှင့် KNU တို့ ပဏာမ ငြိမ်းချမ်းရေးသဘောတူ လက်မှတ်မထိုးခင် ဒီဇင်ဘာလ ၇ရက်နေ့တွင် KPC ၏ ဦးဆောင်အဖွဲ့ဝင် ၃ဦးသည် ထိုင်း-မြန်မာနယ်စပ်တစ်နေရာ၌ KNU ဗဟိုကော်မတီဝင်တချို့နှင့် လာရောက်တွေ့ဆုံခဲ့ဖူးသည်။
KIC မှကူးယူပါသည်။
သူရဲကောင်းရွာ (Khin Ma Ma Myo)
သူရဲကောင်းရွာ
()
ရွာလေး အမည်က သီးခြားရှိပေမယ့် လူအများကတော့ သူရဲကောင်းရွာ လို့ပဲ သတ်မှတ် ပြောဆိုကြပါတယ်။ ရေမြေတောတောင် သဘာဝ အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ရွာလေးပါ။ သယံဇာတ ကလဲ ပေါကြွယ်ဝလှတယ်။ တည်ရှိနေတဲ့ နေရာဒေသကလဲ အခြားရွာတွေ မျက်စိကျလောက်အောင်ကို ထူးခြားကောင်းမွန်လှပါတယ်။
ဒီရွာလေးကို သူရဲကောင်းရွာလို့ သတ်မှတ်လာကြတာကတော့ ရွာလေးကို မတရားကျူးကျော် သိမ်းပိုက်လာသူတွေကို ခေါင်းငုံ့မခံ၊ တွန်းလှန်ခဲ့ကြတဲ့ သမိုင်းကောင်းတွေကြောင့်ပါပဲ။ ဒီသမိုင်းတွေထဲမှာ သူရဲကောင်းတွေ ပေါ်ထွက်ခဲ့ပါတယ်။ သူရဲကောင်းစိတ်ဓာတ် အမွေတွေကို မျိုးဆက်တွေ တဆက်ပြီးတဆက် လက်ခံကျင့်သုံးလာခဲ့ကြပါတယ်။
သို့ပေမယ့်လဲ ဒီစိတ်ဓာတ်တွေအပေါ်မှာ ရွာသူ၊ ရွာသားတွေ အချင်းချင်း ပြန်လည်တိုက်ခိုက်စေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ သဘောထားအမြင်တွေ၊ ကွဲပြားခြားနားမှုတွေက လွှမ်းမိုးလာတဲ့ အခါ-------------------
()
" သူရဲကောင်းရွာမှာ သူရဲကောင်းရွေးချယ်ပွဲကြီး ကျင်းပ မလို့တဲ့။ ပြိုင်ဘက်ကို သေအောင်သတ်နိုင်မှ အနိုင်ရမယ်။ သရေပွဲဆိုတာ မရှိရဘူးဆိုပဲ"
ဒီသတင်းက အနယ်နယ်၊ အရပ်ရပ်ကို ပျံ့နှံ့သွားပါတယ်။ လူအများကလဲ စိတ်ဝင်စားကြတယ်။ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ကိုယ့်ရွာကို ဘယ်လို တိုးတက်လာအောင် အတူတကွ လက်တွဲကြိုးပမ်းကြမလဲဆိုတာပဲ စဉ်းစားကြတော့တဲ့ ခေတ်မှာ ရွာသားအချင်းချင်း သူသေ၊ ကိုယ်သေ ထိုးခုတ်ယှဉ်ပြိုင်ကြတဲ့ ဒီလိုရွာမျိုးဆိုတာက ရှာမှရှားပဲဆိုတော့လဲ အုတ်အော်သောင်းနင်း ဖြစ်သွားတော့တာပါပဲ။
ဒီလိုနဲ့ ထူးခြားတဲ့ လူသတ်ပွဲ (၀ါ) သူရဲကောင်းရွေးချယ်ပွဲကြီးကို တကူးတက သွားကြည့်ဖို့ ကြိုးပမ်းကြပါတော့တယ်။
ဒီအထဲမှာ တချိန်က သူရဲကောင်းရွာမှာ နေခဲ့ဖူးတဲ့ ဒေါ်အေးမိလဲ အပါအ၀င်ပေါ့။
()
နှစ်ပေါင်းများစွာကြာမှ မွေးဖွားရာ ဇာတိရွာကို ပြန်ရောက်ရပေမယ့် ဒေါ်အေးမိ ခမျာ ရွာအခြေအနေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရရှာတယ်။
ရွာသားအချင်းချင်း အနိုင်မခံ၊ အရှုံးမပေး တိုက်ခိုက်စေတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ ခွဲခြားမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေက ရွာကလေးမှာ အားကောင်းကောင်းနဲ့ အရှိန်ယူထားဆဲ။ တိုက်ရဲခိုက်ရဲ၊ သေရဲမှ သူရဲကောင်းဆိုတဲ့ အမြင်တွေကလဲ ကြီးစိုးဆဲ။ ရွာမြောက်ပိုင်းအုပ်စု၊ ရွာတောင်ပိုင်းအုပ်စု၊ ရွာအရှေ့ပိုင်းအုပ်စု၊ ရွာအနောက်ပိုင်းအုပ်စု၊ အိုးဂိုဏ်း၊ ကြိုးဂိုဏ်း စတဲ့ အုပ်စုဖွဲ့မှုတွေ၊ ဂိုဏ်းဂဏတွေ ပွားများပြီး၊ အသက်အရွယ်ကြီးရင့်သူတွေကလဲ အသက်အရွယ်နဲ့ အလိုက် တည်ငြိမ်အေးချမ်းမှု မရှာနိုင်ကြပဲ ကိုယ့်သက်ဆိုင်ရာ အုပ်စုတွေ၊ ဂိုဏ်းဂဏတွေကို တိုက်ခိုက်ရေး၊ သတ်ဖြတ်ရေး အမွေဆိုးတွေ သားစဉ်မြေးဆက် ဝေမျှနေကြဆဲ။
ဒီလိုအခြေအနေမှာ ထူးခြားတာကတော့ ရွာသားတွေအများစုက မ၀ရေစာ စားနေကြရတုန်းမှာ၊ ရွာက အိမ်ကောင်း၊ ခြံကောင်းတွေကိုတော့ ရွာနားနီးစပ်က တခြားရွာသားတွေက တက်နေနေကြတာပဲ။ ကိုယ့်ရွာထဲမှာ ရွာသားတွေက စားဝတ်နေရေးအတွက် တခြားရွာသားတွေကို မှီခိုနေကြရရှာတယ်လေ။ သူတို့ကျွေးတာစား၊ ပေးတာယူကြရတဲ့ ဘ၀။ ကိုယ့်ရွာက သူကြီးတို့အပါအ၀င် အားကောင်းမောင်းသန် လုပ်နိုင်ကိုင်နိုင်သူတွေဟာ အချင်းချင်းတိုက်ခိုက်ရေး၊ အနိုင်ယူရေးကိုသာ အာရုံစိုက်ကြ၊ ရွာပြင်ထွက်ပြီး ကိုယ့်ဘက်သူ့ဘက် အနိုင်ရရေးအတွက် တခြားရွာကြီးတွေကို ကူပါ၊ ကယ်ပါလို့ အကူအညီလိုက်တောင်းကြနဲ့ အလုပ်ရှုပ်နေလေတော့ ကိုယ့်ရွာအရေးကို လှည့်မကြည့်နိုင်ချိန်မှာ ရွာသားအများစုကတော့ ကိုယ့်ရွာ၊ ကိုယ့်မြေပေါ်မှာ တခြားရွာသားတွေကို ကျွန်ခံနေကြရတဲ့ ဘ၀ ရောက်နေပါပကောလား။
()
သူရဲကောင်းရွေးချယ်ပွဲက ပြင်းထန်လှပါတယ်။
ရွာမှာရှိတဲ့ အုပ်စုတွေ၊ ဂိုဏ်းဂဏ အစုံအလင်တွေရဲ့ သူရဲကောင်း အလောင်းအလျာတွေက လက်မောင်းမှာ ကိုယ့်သက်ဆိုင်ရာ ပ၀ါလေးတွေ စီးလို့ အသေအကြေ တိုက်ခိုက်ကြပါရောလား။ ရွာက အသက်အရွယ်ကြီးရင့်သူတွေကလဲ အခြေအနေကို မထိန်းသိမ်းကြပဲ သူတို့ကိုယ်တိုင်ပါ လက်ခုပ်လက်ဝါးတီး အားပေးသူကပေး၊ မြှောက်ပေးသူတွေက မြှောက်ပေးနဲ့။ ရွာရဲ့ မျိုးဆက်သစ် လေးတွေကို သေတွင်းဆီ တွန်းပို့နေကြလေရဲ့။ တိုက်ရဲမှ၊ သေရဲမှ သူရဲကောင်းဆိုပြီး လက်သီးလက်မောင်းတွေ တန်းကြလို့။
ဒီလိုနဲ့ ညနေခင်းမှာတော့ ရွာအရှေ့ပိုင်းက သူရဲကောင်း အလောင်းအလျာနဲ့ ရွာအနောက်ပိုင်းက သူရဲကောင်း အလောင်းအလျာတို့ တိုက်ခိုက်ရေး စင်မြင့်ပေါ် လှမ်းတက်လာချိန်မှာတော့ အားလုံး ဟာခနဲ ဖြစ်သွားကြပါတော့တယ်။
ဖြစ်ဆို ဘယ်ဘက်လက်မောင်းမှာ ပတ်ထားတဲ့ လက်ပတ်အ၀ါလေးနဲ့ အစိမ်းလေးကို ကွာခြားတာက လွဲရင် ရုပ်ချင်းက ချွတ်စွပ်တူနေကြတာကိုး။ သူရဲကောင်းနှစ်ယောက်လဲ တယောက်နဲ့ တယောက် ကြောင်ပြီးတော့ ရပ်ကြည့်နေကြလေရဲ့။ ပရိသတ်မှာလဲ အသက်ပြင်းပြင်းတောင် မရှုရဲ။ ဒေါ်အေးမိမှာလဲ ရုတ်ခြည်း မှင်သက်မိသွားတယ်။
"ဟေ့။ ဘာကြောင်နေကြတာလဲ။ ချကြတော့လေ"
"ဟေ့။ တွေဝေမနေနဲ့။ မင်းရှေ့မှာ ရန်သူရောက်နေပြီ။ ရန်၊ ငါ စည်းပြတ်စမ်း"
အ၀ါအုပ်စုခေါင်းဆောင်နဲ့၊ အစိမ်းအုပ်စု ခေါင်းဆောင်ကြီးတွေက လက်သီးလက်မောင်းတန်းပြီး သူတို့ရဲ့ သူရဲကောင်း အလောင်းအလျာလေးတွေကို အသေအကြေ ချကြဖို့ အော်ဟစ်သတိပေးနေကြတယ်။ တဘက်နဲ့တဘက် အလစ်အငိုက် လက်ဦးသွားမှာကိုလဲ စိုးရိမ်ကြတယ် ထင်ပါရဲ့။
ဒီလို အော်ရင်းနဲ့ သူတို့ပါ စင်ပေါ် ပြေးတက်လာကြတယ်။
ဒီတော့မှလဲ မှင်သက်မိနေတဲ့ ဒေါ်အေးမိလဲ အသက်ဝင်သွားတယ်။
"ဟင်။ ဖိုးကောင်းတို့၊ မင်းဒင် တို့ပါလား။ ဒါဆို----။ ဒါဆို----”
အလန့်တကြား ရေရွတ်ရင်းနဲ့ ဒေါ်အေးမိလဲ စင်ပေါ်ကို လိုက်ပြေးတက်သွားမိပါလေရော။
()
ဇောနဲ့မို့ လူတွေကို ဘယ်လိုတွန်းထိုးပြီး၊ စင်ပေါ်ရောက်သွားသလဲတောင် သူ့ဘာသာသူ မသိလိုက်ရှာဘူး။ သေချာတာကတော့ စင်ပေါ်မှာ တယောက်နဲ့တယောက် စိမ်းစိမ်းကြီး ကြောင်ကြည့်နေကြတဲ့ လူနှစ်ယောက်အကြားကို ဒေါ်အေးမိ ရောက်သွားခဲ့တာပါပဲ။
" ဟာ- ဒီအဖွားကြီးက ဘာဖြစ်တာလဲ။ သေချင်လို့လား"
"ဘာကိစ္စ ၀င်ရှုပ်ရတာတုန်း။ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာကိုး။ အရေးထဲ"
"ဓားခုတ်ရာ၊ လက်ဝင်ရှိုတယ် ဆိုတာ ဒါပဲထင်ပါရဲ့"
ပရိသတ်ထဲမှာ တီးတိုးသံတွေရော၊ အော်ဟစ်သံတွေရော အစုံအလင် ထွက်လာတယ်။
"နေကြပါဦးရှင်။ ကျွန်မ ပြောပြတာလေးကို နားထောင်ပေးကြပါဦး။ မမှားသင့်တာတွေ မမှားရအောင် ပြောပြချင်လို့ပါ။ ပြီးရင်တော့ ဒီက မောင်ရင်နှစ်ယောက်ကော၊ ပရိသတ်ကော ကျွန်မပြောပြီးမှ ဆုံးဖြတ်ကြပါရှင်။ ရှုပ်တယ် ထင်ရင်လဲ မောင်ရင်တို့ လက်ထဲက ဓားတွေနဲ့သာ အဒေါ့်ကို ခုတ်သတ်လိုက်ကြပါတော့"
ပရိသတ်က ငြိမ်သွားတယ်။ စင်ပေါ်ရောက်လာတဲ့ လူကြီးနှစ်ယောက်ကလဲ ဒေါ်အေးမိကို ပြူးတူးပြဲတဲ ကြည့်နေကြတယ်။
မိန်းမသားတယောက်က အသက်နဲ့ ရင်းပြီး ပြောလိုက်တာဆိုတော့ နည်းနည်းတော့ ငြိမ်သွားကြတယ်။ တယောက်မျက်နှာ တယောက်ကြည့်လိုက်၊ ဒေါ်အေးမိကို စူးစမ်းကြည့်နဲ့ လှမ်းကြည့်လိုက်ကြနဲ့။ စင်မြင့်ရဲ့ နောက်မှာတော့ သွေးရဲသံရဲ အလောင်းတွေက ပုံလို့။
စကားစပြောဖို့အတွက် ဒေါ်အေးမိက ချောင်းကို ဟန့်လိုက်တယ်။
()
အေးမိ၊ ဖိုးကောင်း၊ မင်းဒင် တို့ဆိုတာက တရွာတည်းမှာ မွေးပြီး၊ ရွာက ကိုရင်ကြီးကျောင်းမှာ အတူတူ ပညာရည်နို့ သောက်စို့ခဲ့သူတွေပါ။ အေးမိက ထက်မြက်တယ်။ ဖိုးကောင်းက သူတပါးကို နိုင်ထက်စီးနင်း လုပ်လိုစိတ်ရှိတယ်။ မင်းဒင်က မဟုတ်မခံ စိတ်ဓာတ် ရှိတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာကြတော့ ရွာမှာ ပေါ်ပေါက်နေတဲ့ အရောင်အသွေးစုံ အဖွဲ့အစည်းတွေထဲ သူတို့တွေ ရောက်သွားခဲ့ကြတယ်။ ဒီတုန်းက အေးမိနဲ့ မင်းဒင်တို့ရဲ့ အဖွဲ့တွေက မဟာမိတ်ပြုထားပြီး၊ ဖိုးကောင်းတို့အဖွဲ့တွေနဲ့ တိုက်နေကြတယ်။
တညမှာတော့ တိုက်ပွဲဖြစ်နေတုန်း အေးမိတို့စခန်းကို ဖိုးကောင်းတို့ လာတိုက်လို့ ဆုတ်ခွာ ပြေးကြရတယ်။ အဲဒီမှာ အေးမိတို့အဖွဲ့က မခင်ကြည်ရဲ့ အမြွာသားလေးတယောက် စခန်းမှာ ကျန်ရစ်ခဲ့တယ်။ ပြေးရင်းလွှားရင်းနဲ့ မခင်ကြည်လဲ ဒဏ်ရာနဲ့ကျဆုံးသွားတာကြောင့် အေးမိကပဲ နို့စို့ကလေးငယ်လေးကို ရင်ဝယ်ပိုက်ခဲ့ရပြန်တယ်။ ဒီလိုနဲ့ နောက်ဆုံး မင်းဒင်တို့အဖွဲ့ရဲ့စခန်းကို ရောက်ပြီး ကလေးငယ်လေးကို ခေတ္တအပ်ထားခဲ့ရာက--------------
"မင်းဒင်။ ကျုပ်ကို မှတ်မိသေးတယ် မဟုတ်လား။ ပြောစမ်းပါတော်။ ခု ကျုပ်ရှေ့က နှစ်ယောက်ထဲက တယောက်ဟာ တော့်ဆီမှာ ကျုပ်အပ်ထားခဲ့တဲ့ ကလေး မဟုတ်လား"
မင်းဒင်က ခေါင်းငြိမ့်လိုက်တော့ ပရိသတ်ထဲမှာ ဝေါကနဲ အသံတွေ ဆူညံလာပြန်ရော။
"အရေးထဲမှာကွာ။ ဆွေမျိုး စပ်နေကြသေးတယ်။ ဟေ့ကောင်တွေ။ ယောက်ျားတွေ မဟုတ်ဘူးလား။ ချမှာဖြင့် ချကြတော့လေကွာ"
ပရိသတ်ထဲက သွေးဆူနေသူတွေရဲ့ မြှောက်ထိုးပင့်ကော် အသံတွေကလဲ ထွက်လာတယ်။
ဖိုးကောင်းကလဲ မျက်ထောင့်နီကြီးနဲ့ အေးမိကို ကြည့်တယ်။ ဖိုးကောင်းကိုကြည့်ပြီး၊ မင်းဒင်ရဲ့ မျက်နှာ အမူအယာကလဲ ပြောင်းသွားပြန်တယ်။
နှစ်ပေါင်းများစွာ ရန်ငါစည်းနဲ့ ထိပ်တိုက်ရင်ဆိုင်လာကြသူတွေ တယောက်နဲ့တယောက် အခဲမကြေကြ။
"အို၊ ဘာပဲဖြစ်ဖြစ်။ ဒီပွဲအတွက် ငါတို့တွေ နှစ်ပေါင်းများစွာ ပြင်ဆင်ပြီး၊ ရင်းနှီးလာခဲ့ကြရတာ။ ခုလို အနိုင်အရှုံး ကွဲပြားခါနီးကျမှ ဘယ်သူ့ကိုမှ ဒူးမထောက်နိုင်ဘူးကွ"
ဖိုးကောင်းက အံကြိတ်ပြီး ကြွေးကြော်တယ်။ ပရိသတ်ထဲက တချို့က ဟေးခနဲ ညာသံပေးကြတယ်။
"အေး။ ငါကလဲ ဘယ်တော့မှ ဒူးမထောက်ဘူးကွ။ တချိန်ကျရင် ငါတို့ပဲ နိုင်ရမှာ"
မင်းဒင်က ကြွေးကြော်ပြန်တယ်။ ပရိသတ်ထဲက ဟေးခနဲ အော်သံတွေ ထွက်လာပြန်တယ်။
"အို- မလုပ်ကြနဲ့လေ"
"လုပ်ကြပါဦး။ အမြွာညီအစ်ကိုတွေ သတ်ကြတော့မယ်။ လူကြီးတွေကလဲတော်။ ကိုယ့်အသက်အရွယ်မှ ကိုယ်အားမနာ။ ကလေးတွေကို မြှောက်ပေးနေလိုက်ကြတာ"
နှစ်ဘက်စလုံးကို မထောက်ခံတဲ့ အသံတွေကလဲ တီးတိုးထွက်ပေါ်လာပြန်တယ်။
()
"ခဏလေး နေကြပါဦးရှင်။ ကျွန်မ စကားကို ဆုံးအောင် နားထောင်ပေးကြပါဦး"
ဒေါ်အေးမိက ၀င်ပြောပြန်တယ်။
"ဟာ- ဒီအဖွားကြီးကလဲ တမှောင့်။ သေတော့မှာပဲ"
စိတ်မရှည်သူတွေက အော်ဟစ်လိုက်ပေမယ့် ကာယကံရှင် တိုက်ခိုက်မယ့်သူနှစ်ယောက်က မလှုပ်မယှက် ဖြစ်နေတာမို့ ငြိမ်သွားကြပြန်တယ်။
" လက်နက်တွေ စွဲကိုင်ထားကြတဲ့ ဒီကလေး နှစ်ယောက်ကို ကြည့်လိုက်ကြပါရှင်။ သူတို့ရဲ့ လက်ပတ်လေးတွေ အရောင်တွေ ကွဲပြားနေတာကလွဲရင် တကယ်တော့ သူတို့တွေက ရုပ်ချင်းခွဲမရအောင်တူတဲ့ အမြွာညီအစ်ကို ရင်းတွေပါ။ ကျွန်မရဲ့ စင်နောက်မှာ ခုနတုန်းက တိုက်ရင်းခိုက်ရင်း သေသွားတဲ့ ကလေးတွေရဲ့ အလောင်းတွေ ပုံထားပါတယ်။ တကယ်တမ်းကျတော့ သူတို့လေးတွေကလဲ ဒီသူရဲကောင်းရွာမှာ မွေးဖွားခဲ့ကြတဲ့ သူရဲကောင်းရွာသားလေးတွေပါ။ တချိန်တုန်းက ကျွန်မကိုယ်တိုင်လဲ ဒီလိုပဲ။ တိုက်ရဲ၊ ခိုက်ရဲ၊ သေရဲ၊ သတ်ရဲမှ သူရဲကောင်းပီသတယ် ဆိုပြီး ကိုယ့်အဖွဲ့အစည်းအတွက်၊ ကိုယ့်လက်ပတ်အရောင်အတွက် အသက်စွန့်ဖို့ ၀န်မလေးခဲ့သူပါ။ ဒါပေမယ့် ဒီလိုတွေ အသက်စွန့်ခဲ့ကြရင်း လူတွေအများကြီး သေကြေပျက်စီးခဲ့ကြပြီ။ နှစ်ပေါင်းများစွာလဲ ကြာခဲ့ကြပြီ။ ခုချိန်မှာ ဘယ်အဖွဲ့က အနိုင်ရနေသလဲ။ ဘယ်ဂိုဏ်းက အားလုံးကို နိုင်အောင် တိုက်နိုင်သလဲ။ ဒီနေ့ပွဲမှာ တဖွဲ့ဖွဲ့က အနိုင်ရလိုက်ရင်ရော ဒီပွဲက ပြီးသွားမှာလား။ ရှုံးသူတွေက တခါပြန်ပြီး ပြင်ဆင်ကြဦးမယ်။ ပြန်တိုက်ကြဦးမယ်။ ဒါတွေက ဘယ်တော့ ပြီးသွားမှာလဲ။ ဘယ်တော့ အဆုံးသတ်ကြမှာလဲ။ ကျွန်မတို့တတွေ ဒီလို တိုက်နေကြတာက ရွာအတွက်ကော ဘာအကျိုးတွေ ရှိစေခဲ့သလဲ။
ကြည့်လိုက်စမ်းပါရှင်။ ကျွန်မတို့ရဲ့ ရွာလေးကို။ ကျွန်မတို့တွေ အချင်းချင်း၊ တိုက်ဖို့ခိုက်ဖို့ပဲ အာရုံစိုက်နေကြချိန်မှာ ရွာသားတွေ အများစုနေတဲ့အိမ်တွေက ခနော်ခနဲ့ ဖြစ်နေပြီ။ အိမ်ကြီး၊ အိမ်ကောင်းတွေကို တခြားရွာသားတွေက တက်နေနေကြပြီ။ ကျွန်မတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တွေက သူတို့လက်ခုပ်ထဲက ရေဖြစ်နေပြီ။ သူတို့ချကျွေးတဲ့ အရိုးအရင်းတွေကို ကျွန်မတို့ ရွာသားတွေ ကိုက်နေကြရပြီ။ သူတို့ လက်ညိုးညွန်ခိုင်းစေရာကို ကျွန်မတို့ ရွာသားတွေ လုပ်နေကြရပြီ။ အချင်းချင်း ဒူးမထောက်ဘူးဆိုတဲ့ ကျွန်မတို့ ရွာသားတွေဟာ ရွာထဲမှာလဲ တခြားရွာသားတွေ ရှေ့မှာ၊ ရွာပြင်မှာလဲ တခြားရွာသားတွေရှေ့မှာ ဒူးထောက်နေကြရပြီ။ ကျွန်ခံနေကြရပြီ။ တချိန်တုန်းက ကျူးကျော်သူတွေကို တွန်းလှန်ခဲ့တဲ့ ကျွန်မတို့ရွာဟာ ခုတော့ ဒီကျူးကျော်သူတွေကိုမှ လာကြပါ၊ ကယ်ကြပါလို့ တောင်းပန်ခေါ်ယူနေရပြီ။ ရွာကြီးတွေက ဟိုအုပ်စုမြှောက်ပေးလိုက်၊ ဒီအုပ်စု မြှောက်ပေးလိုက်နဲ့ သူတော်ကောင်းယောင်ဆောင် ကယ်တင်ရှင်ဝင်လုပ်နေတာကို ခံနေကြရပြီ။ရွာကလေးကိုလဲ ကြည့်လိုက်ကြစမ်းပါရှင်။ ဒီရွာလေးပေါ်မှာ ကျွန်မတို့ ဘိုးဘွားတွေ ထားခဲ့တဲ့ သယံဇာတတွေ ကျန်နေသေးရဲ့လား။ ရွာလေးကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မျိုးဆက်သစ် လူငယ်လေးတွေကော ကျန်နေသေးရဲ့လား။ ဟိုးနောက်က အလောင်းပုံထဲမှာလေ၊ ကျွန်မတို့ ရွာလေးကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မျိုးဆက်လေးတွေ အများကြီးပဲ ရှိနေခဲ့တယ်ဆိုတာ ရှင်တို့တွေ သတိထားမိခဲ့ရဲ့လား။ ဒီက မောင်ရင်လေးတို့ရယ်။ ဓားတချက် ဝှေ့ယမ်းပြီး၊ ညီအစ်ကို အချင်းချင်းရဲ့ အသက်ကိုသတ်၊ သူရဲကောင်းဘွဲ့ ယူမယ့်အစား၊ ပေါက်တူးတလက်နဲ့ စိုက်ပျိုးသူမဲ့နေတဲ့ မြေပေါ်မှာ ပျိုးတခင်းကို ပျိုးပြီး၊ ရွာအကျိုးဆောင် သူရဲကောင်းဘွဲ့တွေကိုပဲ ယူကြပါကွယ်။ ကဲ- အဒေါ်ပြောချင်တာတွေတော့ ကုန်သွားပြီ။ ဒီလိုပြောလို့ ရှုပ်တယ်ဆိုရင်လဲ မောင်ရင်တို့ သဘောပဲကွယ်----”
ပြောပြီးချိန်မှာ ဒေါ်အေးမိက အားလုံးရှေ့မှာ ဒူးထောက်ပြီး လည်စင်းပေးလိုက်ပါတယ်။
လူငယ်လေးတွေရဲ့ ဓားတွေကဒေါ်အေးမိရဲ့ ဂုတ်ပေါ်ကိုပဲ ၀ဲပျံသွားလေမလား၊ မြေပေါ်ကိုပဲ လွတ်ကျသွားလေမလား ဆိုတာကတော့ မျိုးဆက်သစ် လူငယ်လေးတွေဟာ အတွေးအခေါ်၊ အယူအဆဟောင်းတွေထဲမှာပဲ နေဖို့ ဆုံးဖြတ်ကြမလား၊ အမြင်သစ်တွေနဲ့ ရွာလေးကို အတူတကွ တည်ဆောက်ဖို့ ဆုံးဖြတ်ကြမလား ဆိုတဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်ရင်း-----
ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးကို ရည်သန်လျက်။
ခင်မမမျိုး (၁၈၊ ၃၊ ၂၀၁၂)
ခင် မ မ မျိုး ဘ လော့ မှ ကူး ယူ ပါ သည်။
Monday, March 19, 2012
ကျေးဇူးတင်ရမှာလား
ပ ဒို မန်း ငြိမ် မောင် ကို ဒီ နေ့ လွှတ် လိုက် ပြီ လို့ ပြော တယ်။  ဘာ ပဲ ပြော ပြော သိန်း စိန် အ စိုး ရ ရဲ့ လုပ် ရပ် ဟာ စက် ဆုတ် စ ရာ ပါ။
နိုင်ငံရေးဟာသများ
political jokes
Tuesday, March 13, 2012
မန်းငြိမ်းမောင်၊ KNU၊ ငြိမ်းချမ်းရေး နှင့် တသက်တကျွန်း
သိန်း စိန် အ စိုး ရ ဟာ ပ ဒို မန်း ငြိမ်း မောင် ကို တ သက် တ ကျွန်း ချ လိုက် တာ ဟာ KNU နဲ့ လုပ် နေ တဲ့ ငြိမ်း ချမ်း ရေး ကို တ သက် တ ကျွန်း ချ လိုက် တာ နဲ့ အ တူ တူ ပါ ပဲ။ 
ဒါ ကို ကြည့် ခြင်း အား ဖြစ် အ ခု လုပ် နေ တဲ့ ငြိမ်း ချမ်း ရေး ဆို တာ ဘယ် လို မှ ယုံ လို့ မ ရ ဘူး ဆို တာ အ ထင် အ ရှား ဖေါ် ပြ လိုက် တာ ပဲ။
ဒါ ဟာ ကျွန် တော် တို့ ကို စိန် ခေါ် လိုက် တာ ပဲ။
 ငြိမ် ခံ နေ ရင် လုပ် လို့ ရ တယ် ဆို ပြီး ဒီ ထက် ဆိုး တာ တွေ ဆက် လုပ် အုံး မှာ ပဲ။
KNU အ နေ နဲ့ ကိုယ့် ရဲ့ ခေါင်း ဆောင် ကို မှ မ ကာ ကွယ် နိုင် ဘူး ဆို ရင် က ရင် ပြည် သူ လူ ထု ကို ဘယ် လို ကာ ကွယ် စောက် ရှောက် နိုင် မှာ လဲ။
က ရင် လူ ထု ကော KNU ဆို တာ က ရင် လူ ထု အ တွက် ဦး ဆောင် နိုင် ငံ ရေး အ ဖွဲ့ အ စည်း ဆို တာ ဘယ် လို ယုံ ကြည် နိုင် မှာ လဲ။
KNU အ နေ နဲ့ ဒီ ကိ စ္စ ကို ပြတ် ပြတ် သား သား ကိုင် တွယ် ဆောင် ရွက် ဖို့ လို ပါ တယ်။
က ရင် ပြည် သူ ပြည် သား တစ် ယောက် အ နေ နဲ့ ဒီ ကိ စ္စ ကို ပြတ် ပြတ် သား သား ကိုင် တွယ် ဖို့ တောင်း ဆို ပါ တယ်။
နောက် ပြီး နိုင် ငံ ရေး အ ကျဉ်း သား တွေ လွတ် တိုင်း က လဲ ကို သိန်း စိန် အ စိုး ရ KNU နဲ့ ပတ် သက် ပြီး ထောင် ချ ခံ ရ တဲ့ သူ တွေ အ များ စု ကို တ မင် သက် သက် ချန် ထား တာ ပါ။
ဒါ တွေ ကို တ မင် သက် သက် လုပ် တာ ပါ။ KNU အ နေ နဲ့ ကိုယ့် အ ဖွဲ့ အ စည်း တ ခု တည်း အ တွက် ရပ် တည် မှာ လား။ က ရင် ပြည် သူ လူ ထု အ တွက် ရပ် တည် မှာ လား ဆို တာ ကို စမ်း သပ် လိုက် တာ ပါ။ KNU အ နေ နဲ့ ကိုယ့် အ ဖွဲ့ အ စည်း အ တွက် ပဲ ရပ် တည် မယ်။ ကိုယ့် လူ မျိုး အ တွက် မ ရပ် တည် မ ကာ ကွယ် ဘူး ဆို ရင် သူ တို့ စိတ် ကြိုက် ကြိုး ကိုင် လို့ ရ မယ် ဆို ပြီး တော့ ငြိမ်း ချမ်း ရေး အ တွက် KNU တောင်း ဆို သ မျှ ကို ပါး စပ် နဲ့ လိုက် လျှော ပြီး၊ ခေါင်း ဆောင် တွေ ကြီး ပွား မဲ့ စီး ပွါး ရေး အ ခွင့် အ လမ်း တွေ ပေး ပြီး နောက် မှ လုပ် ချင် တာ တွေ လုပ် ပါ လိမ့် မယ်။ အ ရှေ့ မှာ သာ တ က တွေ အ များ ကြီး ပါ။
KNU အ နေ နဲ့ ဒီ ထက် အ များ ကြီး ပို တဲ့ အ မျိုး သား နိုင် ငံ ရေး ရှိ ဖို့ လို ပါ တယ်။ နိုင် ငံ ရေး ဦး တည် ချက် ၊ စီ မံ ချက် တွေ စ နစ် တ ကျ အ ခိုင် အ မာ ရှိ ထား သင့် ပါ တယ်။ က ရင် လူ မျိုး တွေ အ တွက် က ရင် တစ် ကျပ် ၊ ဗ မာ တစ် ကျပ် အ ခွင့် အ ရေး ခိုင် ခိုင် မာ မာ တောင်း ဆို သင့် ပါ တယ်။ သိန်း စိန် အ စိုး ရ အ နေ နဲ့ ဒီ  အ ချိန် မှာ အာ စီ ယံ ဥ က္က ဌ ဖြစ် ဖို့ ရယ် အာ ရပ် နိုင် ငံ တွေ လို အာ ဏာ ရှင် ဖြုတ် ချ တဲ့ အ ဖြစ် မျိုး ကြုံ တွေ့ ပြီး သူ တို့ အ သက် အိုး အိမ် စည်း စိမ်အ တွက် သေ မ လောက် ကြောက် နေ အ တွက် သူ တို့ မ လုပ် ချင် တဲ့ အ ပြောင်း အ လဲ ကို အ ပြ အ နေ နဲ့ လုပ် နေ ပါ တယ်။ အ ပြ အ နေ နဲ့ တိုင်း ရင်း သား လက် နိုင် ကိုင် အ ဖွဲ့ အ စည်း တွေ နဲ့ ငြိမ်း ချမ်း ရေး ကို သေ မ လောက် လို ချင် ပါ တယ်။ ဒီ လို အ ချိန် မှာ မှာ တိုင်း ရင်း သား တွေ တောင်း ဆို သ မျှ ကို လိုက် လျှော နိုင် သ မျှ လိုက် လျှော ပါ လိမ့် မယ်။ တိုင်း ရင်း သား တွေ အ နေ နဲ့ အ မြင့် ဆုံး တိုင်း ရင်း သား အ ခွင့် အ ရေး တွေ ကို ညှိ နှိုင်း ယူ ထား ရ ပါ မယ်။ အ ရေး ကြီင်္း ဆိုး က ဒါ တွေ ကို သိန်း စိန် အ စိုး ရ အ နေ နဲ့ နောက် ပိုင်း တွေ မှာ ဂ တိ စ ကား တွေ ကို မ ပျက် ကွက် နိုင် အောင် စ နစ် တ ကျ လုပ် ဆောင် ထား ရ ပါ လိမ့် မယ်။ 
ဒီ ကိ စ္စ တွေ ကို ပြတ် ပြတ် သား သား မ ဆောင် ရွက် ပဲ နဲ့ KNU က သိန်း စိန် အ စိုး ရ နဲ့ ငြိမ်း ချမ်း ရေး ဆက် လုပ် မယ် ဆို ရင် ဘယ် သူ ကန့် ကွက် မ ကန့် ကွက် က ရင် လူ မျိုး တစ် ယောက် အ နေ နဲ့ ကျွန် တော် ပြတ် ပြတ် သား သား ကန့် ကွက် ပါ တယ်။
ကျွန် တော် အ နေ နဲ့ ပ ဒို မန်း ငြိမ်း မော င် ကို လွတ် ငြိမ်း ချမ်း သား ခွင့် နဲ့ လွတ် ပေး ဖို့ ဘယ် တော့ မှ မ တောင်း ဆို ဘူး။ တ ရား စွဲ ပြီး ချ ထား တဲ့ အ မိန့် ကို ပြန် ရုတ် သိမ်း ဖို့ အ လေး အ နက် တောင်း ဆို ပါ တယ်။
Sunday, March 11, 2012
ပြန်လာမယ်
ကို မင်း ကို နိုင် တို့ ဒီ လောက် လုပ် ပေး ခဲ့ တယ်။ လုပ် နေ တုန်း ပဲ။ သေ ချာ ပေါက် လုပ် ရ အုံး မယ်။ ကျွန် တော် တို့ လဲ လုပ် နိုင် သ မျှ လုပ် ပေး ရ မယ်။ ၈၈  မျိုး ဆက် လို့ ခံ ယူ ထား တဲ့ သူ တွေ မှန် သ မျှ က တော့ ပြည် တွင်း မှာ နေ နေ ပြည် ပ မှာ နေ နေ လုပ် ကြ မယ် လို့ ယုံ ကြည် ပါ တယ်။
လေး စား လျှက်
ပေးဆပ်သူတစ်ယောက်အကြောင်း
အကြွေးပိုင်ရှင် ဒေါက်တာစောဝါးထူး
လောအယ်စိုး။ မတ် ၁၂၊ ၂၀၁၂
            “ဆရာ ထမင်းစားနေပါတယ်။ ခဏစောင့်ပါဦး”
            “ဟုတ်ကဲ့.. ဟုတ်ကဲ့ ရပါတယ်အမ ။ ကျမစောင့်ပါ့မယ်”
            “ဟေ့..လူနာကို မစောင့်ခိုင်းပါနဲ့ ။ ငါဆင်းလာခဲ့မယ်”
            ထမင်းစားဖို့ ကျနော်တို့ စားပွဲပေါ်တွင် ထိုင်စရှိသေးသည် အန်ကယ်တို့ ဇနီးမောင်နှံ ဓါတ်ပုံကို ကျနော်
ရိုက်ပေးပြီး ၀တ်ထားသော ကရင်အမျိုးသားအင်္ကျိနှင့် ခေါင်းပေါင်းတို့ကိုပင် မချွတ်ရသေး ထမင်းဝိုင်း အဆင်
သင့် ဖြစ်ပြီဟု ၄င်း၏ တူမဖြစ်သူက ပြောသောကြောင့် ကျနော်တို့ ထမင်းစားကြရန် ဖြစ်သည်။
            အားလုံးကလဲ အရမ်းဆာနေကြပြီလေ။ ဒေါက်တာစောဝါးထူးတယောက် ထမင်းစားခန်းမှ အိမ်ဘေး
ကပ်လျှက်ရှိ ဆေးခန်းသို့ အပြေးကလေး ဆင်းသွားသည်။
            “သမီးတို့ ဘယ်မှာနေကြလဲ”
            “မုဒုံနားက ရွာကပါ”
            “ဒီ အနာကို ဆေးမလိမ်းခင် ဂွမ်းကို ရေနွေးဆွတ်ပြီး ဖွဖွလေး အရင် ဆေးနော်”
            “ဟုတ်ကဲ့ပါ ဆရာ”
            “သူတို့ခမြာ အဝေးကြီးက လာရတာကွ။  ငါထမင်းစားနောက်ကျလို့ ဘာမှ မဖြစ်ပါဘူး” ဟု ပြောရင်း
လက်ကို တခါပြန်ဆေးကာ သူ ထမင်းဝိုင်း ပြန်ဝင်လာပါသည်။
            တစ်ခါ ၄င်း၏ အိမ်ရှေ့ဧည့်ခန်း၌ မွန်လူမျိုး ဗုဒ္ဓဘာသာရဟန်းတပါးက သူ့အား ရင်းနှီးခင်မင်စွာဖြင့် ပုခုံး
ကို ဖက်ထားပြီး အလွန်ကျေးဇူးတင်ကြောင်း နှုတ်ကလဲ မွန်သံဝဲ၀ဲဖြင့် ပြောနေတာ တွေ့ရပြန်သည်။
            “ ဘုန်းဘုန်း အနာကျက်ပြီဆိုပြီး ဒီအတိုင်း မနေနဲ့ ။ ဆေးကို ဆက်စားပါ”
            “အေးပါ..ဒကာ ဆရာဝန်ကြီးရယ်”
            “ဘာပဲလုပ်လုပ် ချစ်ခြင်းမေတ္တာ စေတနာနဲ့ လုပ်ရတယ် ငါ့မောင်ရ”
            “ဟုတ်ကဲ့ပါ အန်ကယ်”
            “ငါဒီဆေးရုံကြီး ရောက်ပြီး နှစ်ပေါင်း အစိတ်ကျော်မှ ဒီကားကို ရတာ”
လို့ အန်ကယ်ထူးဝါးက ကားမောင်းရင်း ပြောပြသည်။ အန်ကယ်ထူးဝါး ပြောပြတာကို နားထောင်ရင်း ကျနော်လမ်းဘေး ကို အမှတ်တမဲ့ ကြည့်လိုက်မိသည်။ ကျနော်တို့ ကားဘက်သို့  ဦးခေါင်းညွန့်၍ အရိုအသေပြုနေသော သူတောင်းစားအဖိုးကြီးတဦး။ ကျနော်က ထို သူတောင်းစား အဖိုးကြီးကို ကြည့်နေသည်ကို အန်ကယ်ထူးဝါးက ရိပ်မိသွားပုံရသည်။
            “ အော်…အေးအေး ငါ့ကား ဖြတ်သွားရင် ဒီလိုပဲ သူတို့ တတွေ လုပ်ကြတယ် ဒီလမ်းဘေး တလျှောက်မှာရှိတဲ့ သူတောင်းစားတွေ ငါ ခြေထောက်ဆေး မပေးသေးဘူးတဲ့ သူတောင်းစားတယောက်မှ မရှိဘူး ကွ”
            အမှန်ပါ ၄င်းသည် လူအများ ရွံရှာသော အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ခြေထောက်ဆေး၍ ပြုစုပေးခဲ့သော၊ ကျနော် ရင်ထဲမှ ချစ်ခင်လေးစားသော မိတ်ဆွေ ဒေါက်တာ စောဝါးထူး ဖြစ်ပါသည်။ မိတ်ဆွေဟု ခေါ်လိုက်သည်ကို ရိုင်းသည်ဟု မထင်ပါနှင့်။ အန်ကယ်သည် ကျနော်၏ ဖခင်ထက် ငါးနှစ်ခန့်သာ ငယ်ပါသည် သို့သော် အန်ကယ်သည် ကျနော့်အား ၄င်း၏ သားပမာ ချစ်သလို မိတ်ဆွေ တဦးကဲ့သို့လဲ လွန်စွာရင်းနီးသော သူ တဦးပါ။
            “ငါတို့ ကရင်တွေ ကြိုးစားရမယ်ကွ ။ လူတွေကို လူမျိုး ဘာသာ မခွဲပဲ များများလူတွေ အကျိုးပြုနိုင်
အောင်လုပ်ရမယ်ကွ”
ဟူ၍ ကျနော့်ကို ပြောလေ့ရှိသည်။
            “မောင်နှမကလည်းများ ။ အဖေကလည်း ကျောင်းဆရာဆိုတော့ ငါတို့ တတွေ လွိုင်လင်မှာပဲ ဆင်းဆင်းရဲရဲနဲ့ပဲ ကြီးခဲ့ကြတယ်။ အေး..ဒါပေမဲ့ ငါကတော့ ကြီးလာရင် ပညာတတ်ကြီးတယောက် ဖြစ်ချင်တာ အမှန်ပါပဲ။ ဆယ်တန်းအောင်တဲ့အထိ ဘယ်လိုလူမျိုးဖြစ်ချင်တယ် ဆိုတာ ပြင်းပြင်းထန်ထန် စိတ်ထဲမှာ မရှိခဲ့သေးပါဘူး။
ငါ ဆယ်တန်းအောင်ပြီး မကြာခင် တနေ့ လွိုင်လင်နားက ရွာလေးတရွာကို ငါသွားလည်တယ်။ အင်မတန်မှ ခင်စရာကောင်းတဲ့ ပအိုဝ်မိသားစု တစုရဲ့ အိမ်မှာ တည်းတာပေါ့။ သူတို့ ဇနီးမောင်နှံမှာ အင်မတန်မှ ချစ်စရာကောင်းတဲ့ အမွှာ သမီးလေး နှစ်ယောက်ရှိတယ်။ ဒီကလေးလေး နှစ်ယောက်က ငါ့ကိုခင်တယ်။ ငါလဲ သူတို့ နှစ်ယောက်ကို အရမ်းချစ်တယ်။
အဲ့ဒီ အိမ်မှာ တည်းနေတုန်း အမွှာညီမလေးထဲက တဦး ညဦးပိုင်းမှာ အပြင်းအထန်ဖျားတယ်။ မိဘတွေခမျာ အရမ်းစိုးရိမ်ပြီး ဆေးမြီးတိုတွေနဲ့ ကုတယ်။ မြို့နဲ့လည်း အတော့်ကို လှမ်းတာကိုး။ ငါလည်း ဒီလိုပဲ လူးလှိမ့်ပြီး ညည်းညူနေတဲ့ ကလေးမလေးကို ကြည့်နေရတာပေါ့ ။
အဲ့ဒီည အိပ်ယာဝင်ပြီး မနက် ငိုသံတွေကြားတာနဲ့ ငါ အိပ်ယာကနိုးလာတော့ အရမ်းချစ်စရာကောင်းတဲ့ ကလေးမလေး အလောင်းကို ငါမြင်လိုက်ရတယ်။
ငါ အရမ်းကို ကြေကွဲ ၀မ်းနည်းမိတယ်။ ဒီ ကလေးမလေး အတွက်ရော သူမိဘတွေ အတွက်ရောပေါ့ အဲ့ဒီမှာ ငါ ဘယ်လို ခံစားမိသလဲ ဆိုရင် … အော်..ငါသာ ဒီအချိန်မှာ ဆရာဝန်တယောက်သာ ဖြစ်ခဲ့ရင် ဒီကလေးမလေးရဲ့ အသက်ကို  ကယ်နိုင်ခဲ့မှာပါ … လို့ ငါတွေးမိ ခံစားမိသွားတယ်”
ဟူ၍ သူ ဆရာဝန်တယောက် ဖြစ်ချင်ခဲ့ပုံကို ကျနော်အား မှတ်မှတ်ရရ နှစ်ခါ ပြောခဲ့ဘူးသည်။
            ဘ၀မုန်တိုင်း ဂယက် လောကဓံ အမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြားမှ အန်ကယ်စောဝါးထူး တယောက် သူ အလွန်ဖြစ်ချင်လှသော ဆရာဝန်ဘ၀ကို ရရှိခဲ့ပြီး တဖန် သာမာန်မဟုတ်သော မွန်မြတ်လှသည့် အစေခံခြင်းအလုပ် သို့မဟုတ် အနာကြီးရောဂါသည်များကို နှစ်ပေါင်း သုံးဆယ်ကျော်ကြာကြာ ပြုစု ကုသပေး နိုင်ခဲ့သည်။ မေတ္တာ စေတနာ ဆရာဝန်ကြီးတယောက် အမှန်ပင် ဖြစ်ခဲ့ပါသည်။
            “သာမန် ဆေးရုံ ဆေးခန်းတွေကတော့ လူနာတွေ သူတို့ တတွေရဲ့ ဝေဒနာတွေကနေ သက်သာ ပျောက်ကင်းပြီးရင် အိမ်ပြန်ကြတာပဲ။  ဒါပေမဲ့ ငါ့လူနာတွေကတော့ သူတို့ တတွေရဲ့ ဝေဒနာတွေ သက်သာသွား
ကြရင်တောင်မှ လူ့ပတ်ဝန်းကျင်ထဲ မပြန်ရဲကြတော့ဘူး။  ယုတ်စွအဆုံး သူတို့ မိသားစုဝင်တွေကတောင် အိမ်မှာမထားချင်ကြဘူးကွ။ အဲ့ဒါကြောင့် ငါ့လူနာတွေ ကို ဒီဆေးရုံက ဆင်းပြီး နေထိုင်စားသောက်နိုင်ရေး အတွက် အတတ်နိုင်ဆုံး စီမံပေးရတာပေါ့” ဟု ပြောပြပါသည်။
            ကျနော် မော်လမြိုင် တောင်ဝိုင်း အရပ်ရှိ အနာကြီး ဆေးရုံကို ရောက်တိုင်း သတိထားမိသည်က ဆေးရုံ အနီးပတ်ဝန်းကျင်တ၀ိုက် ဝေဒနာသည်များနှင့် ၄င်းတို့ မိသားစုဝင်တို့ နေထိုင်ရာ တဲ့ငယ်ကလေးများ …
 နယ်မြို့ကလေးမှာ မွေးဖွားကြီးပြင်းခဲ့သော ဒေါက်တာစောဝါးထူးတွင် ပညာဂုဏ် မာန်မာန မရှိပါ အရေပြားရောဂါများကို ကုသရာတွင် ၄င်း၌ ဘုရားပေးသည့် အထူးဆု ကျေးဇူးရှိသည်။
            “ တခြားဆရာဝန်တွေကလည်း ဒီဆေးပဲ  သူနဲ့ လာပြရင်လဲ ဒီဆေးပဲ ပေးလိုက်တာပဲ။ ဒါပေမဲ့ သူစမ်းသပ်ပြီးမှပဲ ဒီဆေးတွေ ပေးလိုက်ရင် တကယ်ကို အပျောက်မြန်တာပဲ အဲ့ဒါကိုက ထူးခြားတာ”
အန်ကယ်စောထူးဝါးနှင့် နှစ်ပေါင်း အတော်ကြာ နေထိုင်လုပ်ကိုင်ဘူးခဲ့သော လုပ်ဖေါ်ကိုင်ဘက်တဦးမှ ကျနော့်ကို ပြောဆိုဖူးသော အန်ကယ်စောဝါးထူးအပေါ် အမြင်မှတ်ချက် ဖြစ်သည်။
            “အရာရာတိုင်းကို စေတနာ ချစ်ခြင်းမေတ္တာနဲ့ လုပ်ရတယ် ငါ့ မောင်ရ”
ကျနော့်ကို ပြောလေ့ရှိသော စကားသည် ဒေါက်တာစောဝါးထူး၏ ဘ၀ ဆောင်ပုဒ်တခုပင်ဖြစ်သည်။ လူသားတဦးပင် ဖြစ်သော အန်ကယ်စောထူးဝါးတွင် အားနည်းချက်များရှိပေလိမ့်မည် သို့သော် သူ၏ ရင်ထဲမှ အစဉ်ပြည့်လျှံနေသော မေတ္တာနှင့် စေတနာသည် သာမန်လူသားတဦးထက် ထူးခြားနေသော အချက်ဖြစ်သည်။
            ၂၀၁၁ ခုနှစ် အောက်တိုဘာလ၏ တခုသော ညနေချမ်းတွင် အန်ကယ်တယောက် လူ့လောကကြီးမှ ငြိမ်းချမ်းစွာ ထွက်ခွာသွားခဲ့ပါသည်။
            “ဟေ့ကောင် လောအယ်စိုး … ငါ နောက်နှစ် မင်းကို လာတွေ့ဦးမယ်ကွ”
ဟု သူ ဝေဒနာခံစား နေစဉ်ပင်  နောက်ဆုံးအကြိမ် ကျနော်နှင့် တယ်လီဖုန်း ဆက်စဉ် အန်ကယ်ပြောခဲ့သေးသည်။
မော်လမြိုင်မြို့တွင် လူအများ ရွံရှာ ကြောက်ရွံသော တောင်ဝိုင်းအရပ်ရှိ တိုက်ဝါကြီး သည် “ဒေါက်တာ စောဝါးထူး ဆေးရုံ” ဟု အမည်ဆိုင်းဘုတ် မစိုက်ထူထားစေကာမူ ကျနော်တို့ နှလုံးသားထဲတွင်တော့ ဆိုင်းဘုတ်စိုက်ထူထားခဲ့ပေသည်။
            လူမျိုးရေး အစွဲ ဘာသာရေးအစွဲ ကင်းပြီး နှလုံးသားထဲမှ ချစ်ခြင်းမေတ္တာအားဖြင့် အနှိမ်ခံ ဘ၀များစွာ အတွက် အစေခံခဲ့သော  ဒေါက်တာစောဝါးထူးသည် စစ်မှန်သော လွတ်မြောက်မှု ဘ၀ပိုင်ရှင် တယောက် ဖြစ်ပါသည်။ လူ့လောကတွင် သူ ကျင်လည်ဖြတ်သန်း ခဲ့သော နေ့ရက်များအတွက် တာဝန်ကျေခဲ့သူ တဦးဖြစ်သည်။
            ကရင်တိုင်းရင်းသား တဦး ဖြစ်သော အန်ကယ်သည် မြန်မာနိုင်ငံ အနာကြီးရောဂါ ဆေးပညာ သမိုင်း၌ မှတ်ကျောက် စိုက်ထူနိုင်ခဲ့သူ မြန်မာနိုင်ငံသား တဦးဖြစ်သည်။ သူ၏ လူမျိုး သူ၏ နိုင်ငံသားများအတွက် ဂုဏ်ယူနိုင်ခဲ့သော ကရင်လူမျိုး တဦးပါ။
            သူ ယုံကြည်ကိုးကွယ်သော ခရစ်တော်၏ ချစ်မေတ္တာကို သူ ထိစပ်ကျင်လည်ခဲ့သော လူ့ပတ်ဝန်းကျင်၌ အစေခံကာ မြည်းစမ်းခွင့် ပေးခဲ့သူ တဦး ခရစ်ယာန်တို့၏ သမ္မာကျမ်းအဆိုအရ ချစ်မေတ္တာကြွေးများကို သူတပါး တို့အား တင်ကျန်ရစ်စေနိုင်စွမ်းသူ တဦး မဟုတ်ပါလား။
လောအယ်စိုး
ဇန္န၀ါရီၤလ ၂၃၊ ၂၀၁၂
(Buffalo)
မိုးမခမှကူးယူပါသည်။
Friday, March 2, 2012
facebook မှ ကူး ယူ ဖေါ် ပြ ပါ သည်။
ပြည် ထောင် စု ကျုံး ကော့ နိုင် ငံ
သမိုင်းမဟုတ်သော ပုံပမာတစ်ခု ပေးပါမည်။ ချိုင်းနီးစ်လူမျိုးများနှင့် ဗမာလူမျိုးများ ဗြိတိသျှနယ်ချဲ့ကို အတူတကွ တွန်းလှန်ခဲ့ကြသည် ဆိုပါစို့။ လွတ်လပ်ရေးပေးရတော့မည့် အနေအထားတွင် ဗြိတိသျှတို့မှ ချိုင်းနားပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ဗမာပြည်ကို အကြောင်းအမျိုးမျိုးပြကာ ချန်လှပ်ထားလိုသည်။ ဗမာခေါင်းဆောင်များမှလည်း လွတ်လပ်ရေးဆက်လက်ဆုံးရှုံးမည်ကို စိုးရိမ်သည်။ ထင်ရှားကျော်ကြားပြီး သမာသမတ် ရှိဟန်တူသော ချိုင်းနီးစ်ခေါင်းဆောင်များမှလည်း အတူတကွ လွတ်လပ်ရေးယူဖို့ရန် လာစည်းရုံးသည်။ ချိုင်းနီးစ်တစ်ယွမ်ရလျှင် ဗမာလည်း တစ်ယွမ်ရစေရမည်ဟု ပြောသည်။ ဗမာခေါင်းဆောင်များမှလည်း ချိုင်းနီးစ်ခေါင်းဆောင်ကြီးကို ယုံကြည်သည်။ ထို့ကြောင့် လုံပင်မြို့တွင် ညီလာခံကြီးတစ်ရပ်ကျင်းပကာ ချိုင်းနားပြည်နှင့် ဗမာပြည် လွတ်လပ်ရေးပူးပေါင်းရယူရန် သမိုင်းဝင်လုံပင်စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ လွတ်လပ်ရေးရခါနီးတွင် အထင်ကရ ချိုင်းနီးစ်ခေါင်းဆောင်ကြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ ဗမာတို့ အနာဂတ်အတွက် စိုးရိမ်ကြသည်။ သို့သော်လည်း ဘာမှ မတတ်နိုင်။ အခြားချိုင်းနီးစ်များလည်း သူတို့ခေါင်းဆောင်ကြီး၏လမ်းစဉ်ကို ဆက်လျှောက်ကြလိမ့်မည် ဟုယုံကြည်သည်။ ကိစ္စမရှိဟု ယူဆကြသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေးကို အတူတကွရယူခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်တွင် နယ်ချဲ့တို့ပေးသော တိုင်းပြည်အမည် ချိုင်းနားကို မသုံးနိုင်ဟုဆိုကာ ပြည်ထောင်စုကျုံးကော့နိုင်ငံတော်ဟု ကင်ပွန်းတပ်ခေါ်ဝေါ်ကြသည်။ နောက်တော့ တဖြည်းဖြည်းနှင့် ချိုင်းနီးစ်စာက ကျုံးကော့စာ၊ ချိုင်းနီးစ်စကားက ကျုံးကော့စကား၊ ချိုင်းနီးစ်ယဉ်ကျေးမှုက ကျုံးကော့ယဉ်ကျေးမှု ဖြစ်လာသည်။ ဗမာတို့ကတော့ ချိုင်းနီးစ်တွေက လူမျိုးကြီးပဲဟုယူဆကာ ဖြစ်သင့်တာပေါ့ဟု ဖြေသိမ့်ကြသည်။ လွတ်လပ်ရေးအတူတကွရယူရန် ချုပ်ဆိုခဲ့သည် လုံပင်စာချုပ်ပါ ကတိက၀တ်များကိုလည်း လျစ်လျူရှုခဲ့ကြသည်။
စာသင်ကျောင်းများတွင်လည်း ချိုင်းနီးစ်သမိုင်းကို ကျုံးကော့သမိုင်းဟု ပြဌာန်းသင်ကြားကြသည်။ ချိုင်းနီစ်အင်ပါယာများအကြောင်း၊ ဘုန်းတန်ခိုးကြီးသော ချိုင်းနီးစ်ဘုရင်များအကြောင်းကို ကျုံးကော့ခေါင်းစဉ်တပ်ကာ သင်ကြားကြသည်။ ဗမာကလေးများ ကြိုးစားပမ်းစား လေ့လာကျက်မှတ်ကာ တစ်နှစ်တစ်တန်း အောင်မြင်ခဲ့ကြသည်။ မိမိကိုယ်ကို ချိုင်းနီးစ်မဟုတ်မှန်းသိလျက်နှင့်ပင် ဗမာကလေးများ ဂုဏ်ထူးများရရှိနိုင်အောင် ကြိုးစားကြသည်။ ကိစ္စမရှိ။ မိမိနိုင်ငံအတွင်းမှ ကမ္ဘာ့အမိုင်းဟုပင် မှတ်ယူကြသည်။
ထိုမျှမက အင်မတန်ဘာသာရေးကိုင်းရှိုင်းသည်ဆိုသည့် ချိုင်းနီးစ်ခေါင်းဆောင်ကြီးက မဟာယနဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်မည်ဟု ဆိုလာသောအခါကြမှ ထေယျဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသော ဗမာလူမျိုးတို့၏ သည်းခံနိုင်မှု ကုန်ဆုံးသွားလေသည်။ ထိုအခါမှ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်ကြသည်။
ပြည်ထောင်စုကျုံးကော့နိုင်ငံတော်၏ နောက်ပိုင်း ချိုင်းနီးစ်အစိုးရများက ပိုဆိုးလာသည်။ ကျုံးကော့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟု ခေါင်းစဉ်တပ်ကာ ချိုင်းနီးစ်ယဉ်ကျေးမှုပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ တဖြည်းဖြည်းနှင့် ချိုင်းနီးစ်များပင်လျှင် မိမိကိုယ်ကို ချိုင်းနီးစ်ဖြစ်သည်ကို အမှတ်တမဲ့ ဖြစ်လာသည်။ ကျုံးကော့ဟူသော အသုံးအနှုံး တွင်ကျယ်လာသည်နှင့် အမျှ ကျုံးကော့နိုင်ငံတော် အစိုးရအမတ်မင်းများပင်လျှင် မိမိကိုယ်ကို ကျုံးကော့လူမျိုးဖြစ်ကြောင်း ပြောဆိုလာကြသည်။ ကျုံးကော့တပ်မတော်တွင် အမှုထမ်းကြသော ဗမာအရာရှိများ ချောင်ထိုးခံထားကြရသည်။ တပ်မှူးရာထူးများသည် ဗမာများအတွက် မဟုတ်ပေ။ ဒီကိစ္စကိုတော့ အကျယ်တ၀င့် မပြောလိုတော့။
အမျိုးသားရေး၊ နိုင်ငံရေး ညီတူညီမျှ မဖြစ်မှုကိုသာ အလေးပေးဖော်ပြလိုသည်။ လုံပင်စာချုပ်ပါ ဖယ်ဒရယ်မူကို လက်တွေ့အကောင်အထည်ဖော်ရန် ပြောလိုက်တိုင်း ချိုင်းနီးစ်ဝန်မင်းကြီးများ လူအ, ကြီးလို အသံတိတ်သွားလေ့ရှိသည်။ ဗမာတွေကို ခွဲထွက်ရေးသမားများ ဖြစ်ကြောင်း၊ သောင်းကျန်းသူ အဖျက်သမားများ ဖြစ်ကြောင်း ကျုံးကော့အမှောင်၊ ခြင့်ဇိ(鏡子) စသည့် သတင်းစာများမှ တဆင့် နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဘေကျင်းမြို့တော်အပါအ၀င် အခြားမြို့ပြဒေသများမှ ချိုင်းနီးစ်လူမျိုး တော်တော်များများသည် ဗမာဆိုလျှင် ကျုံးကော့ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေသူများဖြစ်သည်ဟု ထင်ကြသည်။ ချိုင်းနီးစ် အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လျူရှောင်ဘိုသည်ပင်လျှင် ဗမာတွေရဲ့ လိုလားတောင့်တမှုကို ကောင်းမွန်စွာ နားလည်ရဲ့လားဟု ဗမာများ မေးခွန်းထုတ်ကြသည်။
ဒီကနေ့ ကာလမှာပင်လျှင် ပြည်ထောင်စုကျုံးကော့နိုင်ငံတော် ချိုင်းနီးစ်အစိုးရက ဗမာများကို စစ်ဆင်လျက်ရှိသည်။ ကွန်မြူနစ်ပါတီဥက္ကဌကြီးကတော့ စစ်ဆင်ရေးမလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း အလျဉ်းသင့်တိုင်း ပြောလေ့ရှိသည်။ သို့သော် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆက်သွယ်ရေးစနစ်ကောင်းမွန်အောင် လုပ်ဆောင်ရန် ဘတ်ဂျက်မရှိသဖြင့် အောက်ခြေသို့ အမိန့်ဆက်လက် စီးဆင်းရောက်ရှိရန် ခက်ခဲနေပေသည်။ အနောက်အုပ်စုမှလည်း စစ်ပွဲရပ်မှ ဆန်ရှင်ရုပ်မည်ဆိုသဖြင့် ကြက်ဥနှင့် ကြက်မ အစရှာမရသလို ဖြစ်နေသည်။ ဗမာပြည်သူတွေကတော့ အလူးအလိမ့်ခံနေရသည်။
မည်သို့ပင် ဆိုစေကာမူ ကျုံးကော့(ချိုင်းနီးစ်)အစိုးရ အနေဖြင့် ဗမာများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို အမြန်ရပ်ဖို့လိုသည်။ ရပ်ဆိုင်းသည်ဟု ဆိုရာဝယ် ချိုင်းနီးစ်တပ်များ ခြွင်းချက်မရှိ ရုပ်သိမ်းခြင်းသည်လည်း အကျုံးဝင်ရမည် ဖြစ်သည်။ အမျိုးသားရေး တန်းတူမျှတရန်အတွက် ဗမာတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုမှုကို ကျုံးကော့(ခေါ်)ချိုင်းနီးစ်အစိုးရ အနေဖြင့် လုံပင်ကတိက၀တ်ကို အခြေခံသော နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။
ဗမာလူမျိုးများ ဆင်းရဲတွင်းမှ အမြန်လွတ်ငြိမ်းကြပါစေကြောင်း၊ တန်းတူညီမျှ အခွင့်အရေးရရှိသော လူမျိုးများ အမြန် ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
Hpunggan Zau Man
02 March 2012 04:06 PM (GMT +08:00)
Thursday, March 1, 2012
ဦးသိန်းစိန်ရဲ့လုပ်ငန်းစိန်
Peace principles of U TheinShein Administration  -english-burmese
ခေါင်းဆောင်ဆိုတာ
၈၈ မျိုး ဆက် ခေါင်း ဆောင် တွေ အ တွက် နိုင် ငံ ရေး စင် မြင့် ဆို တာ ပါ တီ လုပ် မှ မ ဟုတ် ပါ ဘူး။ ကို ကို ကြီး ပြော သ လို ပဲ ရွေး ချယ် စ ရာ အ များ ကြီး ပါ။ နိုင် ငံ အ တွက် နေ ရာ အ ဖက် ဖက် မျာ ပုံ စံ အ မျိုး မျိုး နဲ့ လုပ် စ ရာ တွေ အ များ ကြီး ပါ။ဒါ ပေ မဲ့ သူ တို့ လို အ ရည် အ ချင်း နဲ့ စိတ် ဓါတ် ရှိ သူ တွေ ဟာ နိုင် ငံ အ တွက် အ ရေး ကြီး ဆုံး နေ ရာ မှာ ပါ စေ ချင် တဲ့ အ တွက် နောက် ပြီး ဒေါ် အောင် ဆန်း စု ကြည် မ ရှိ တော့ မဲ့ နောင် လာ မဲ့ နှစ် ၂၀ လောက် မှာ နိုင် ငံ ကို ခေါင်း ဆောင် နိုင် မဲ့ သူ တွေ လို့ မြင် တဲ့ အ တွက် သူ တို့ မ လုပ် ချင် တောင် မှ ပါ တီ နိုင် ငံ ရေး လုပ် ဖို့ လို အပ် မယ် လို့ ထင် ပါ တယ်။
လေး စား လျှက် -
ပထီးပကော်
ဦးသိန်းစိန်တနှစ်ပြည့်မိန့်ခွန်း
Thanks AungMyoHtunKyaw