ပြည် ထောင် စု ကျုံး ကော့ နိုင် ငံ
သမိုင်းမဟုတ်သော ပုံပမာတစ်ခု ပေးပါမည်။ ချိုင်းနီးစ်လူမျိုးများနှင့် ဗမာလူမျိုးများ ဗြိတိသျှနယ်ချဲ့ကို အတူတကွ တွန်းလှန်ခဲ့ကြသည် ဆိုပါစို့။ လွတ်လပ်ရေးပေးရတော့မည့် အနေအထားတွင် ဗြိတိသျှတို့မှ ချိုင်းနားပြည်ကိုသာ လွတ်လပ်ရေးပေးပြီး ဗမာပြည်ကို အကြောင်းအမျိုးမျိုးပြကာ ချန်လှပ်ထားလိုသည်။ ဗမာခေါင်းဆောင်များမှလည်း လွတ်လပ်ရေးဆက်လက်ဆုံးရှုံးမည်ကို စိုးရိမ်သည်။ ထင်ရှားကျော်ကြားပြီး သမာသမတ် ရှိဟန်တူသော ချိုင်းနီးစ်ခေါင်းဆောင်များမှလည်း အတူတကွ လွတ်လပ်ရေးယူဖို့ရန် လာစည်းရုံးသည်။ ချိုင်းနီးစ်တစ်ယွမ်ရလျှင် ဗမာလည်း တစ်ယွမ်ရစေရမည်ဟု ပြောသည်။ ဗမာခေါင်းဆောင်များမှလည်း ချိုင်းနီးစ်ခေါင်းဆောင်ကြီးကို ယုံကြည်သည်။ ထို့ကြောင့် လုံပင်မြို့တွင် ညီလာခံကြီးတစ်ရပ်ကျင်းပကာ ချိုင်းနားပြည်နှင့် ဗမာပြည် လွတ်လပ်ရေးပူးပေါင်းရယူရန် သမိုင်းဝင်လုံပင်စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြသည်။ လွတ်လပ်ရေးရခါနီးတွင် အထင်ကရ ချိုင်းနီးစ်ခေါင်းဆောင်ကြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။ ဗမာတို့ အနာဂတ်အတွက် စိုးရိမ်ကြသည်။ သို့သော်လည်း ဘာမှ မတတ်နိုင်။ အခြားချိုင်းနီးစ်များလည်း သူတို့ခေါင်းဆောင်ကြီး၏လမ်းစဉ်ကို ဆက်လျှောက်ကြလိမ့်မည် ဟုယုံကြည်သည်။ ကိစ္စမရှိဟု ယူဆကြသည်။ ထို့ကြောင့်ပင် လွတ်လပ်ရေးကို အတူတကွရယူခဲ့ကြသည်။
လွတ်လပ်ရေးရပြီးနောက်တွင် နယ်ချဲ့တို့ပေးသော တိုင်းပြည်အမည် ချိုင်းနားကို မသုံးနိုင်ဟုဆိုကာ ပြည်ထောင်စုကျုံးကော့နိုင်ငံတော်ဟု ကင်ပွန်းတပ်ခေါ်ဝေါ်ကြသည်။ နောက်တော့ တဖြည်းဖြည်းနှင့် ချိုင်းနီးစ်စာက ကျုံးကော့စာ၊ ချိုင်းနီးစ်စကားက ကျုံးကော့စကား၊ ချိုင်းနီးစ်ယဉ်ကျေးမှုက ကျုံးကော့ယဉ်ကျေးမှု ဖြစ်လာသည်။ ဗမာတို့ကတော့ ချိုင်းနီးစ်တွေက လူမျိုးကြီးပဲဟုယူဆကာ ဖြစ်သင့်တာပေါ့ဟု ဖြေသိမ့်ကြသည်။ လွတ်လပ်ရေးအတူတကွရယူရန် ချုပ်ဆိုခဲ့သည် လုံပင်စာချုပ်ပါ ကတိက၀တ်များကိုလည်း လျစ်လျူရှုခဲ့ကြသည်။
စာသင်ကျောင်းများတွင်လည်း ချိုင်းနီးစ်သမိုင်းကို ကျုံးကော့သမိုင်းဟု ပြဌာန်းသင်ကြားကြသည်။ ချိုင်းနီစ်အင်ပါယာများအကြောင်း၊ ဘုန်းတန်ခိုးကြီးသော ချိုင်းနီးစ်ဘုရင်များအကြောင်းကို ကျုံးကော့ခေါင်းစဉ်တပ်ကာ သင်ကြားကြသည်။ ဗမာကလေးများ ကြိုးစားပမ်းစား လေ့လာကျက်မှတ်ကာ တစ်နှစ်တစ်တန်း အောင်မြင်ခဲ့ကြသည်။ မိမိကိုယ်ကို ချိုင်းနီးစ်မဟုတ်မှန်းသိလျက်နှင့်ပင် ဗမာကလေးများ ဂုဏ်ထူးများရရှိနိုင်အောင် ကြိုးစားကြသည်။ ကိစ္စမရှိ။ မိမိနိုင်ငံအတွင်းမှ ကမ္ဘာ့အမိုင်းဟုပင် မှတ်ယူကြသည်။
ထိုမျှမက အင်မတန်ဘာသာရေးကိုင်းရှိုင်းသည်ဆိုသည့် ချိုင်းနီးစ်ခေါင်းဆောင်ကြီးက မဟာယနဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာသတ်မှတ်မည်ဟု ဆိုလာသောအခါကြမှ ထေယျဝါဒဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသော ဗမာလူမျိုးတို့၏ သည်းခံနိုင်မှု ကုန်ဆုံးသွားလေသည်။ ထိုအခါမှ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်ကြသည်။
ပြည်ထောင်စုကျုံးကော့နိုင်ငံတော်၏ နောက်ပိုင်း ချိုင်းနီးစ်အစိုးရများက ပိုဆိုးလာသည်။ ကျုံးကော့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဟု ခေါင်းစဉ်တပ်ကာ ချိုင်းနီးစ်ယဉ်ကျေးမှုပွဲတော်များ နှစ်စဉ်ကျင်းပကြသည်။ တဖြည်းဖြည်းနှင့် ချိုင်းနီးစ်များပင်လျှင် မိမိကိုယ်ကို ချိုင်းနီးစ်ဖြစ်သည်ကို အမှတ်တမဲ့ ဖြစ်လာသည်။ ကျုံးကော့ဟူသော အသုံးအနှုံး တွင်ကျယ်လာသည်နှင့် အမျှ ကျုံးကော့နိုင်ငံတော် အစိုးရအမတ်မင်းများပင်လျှင် မိမိကိုယ်ကို ကျုံးကော့လူမျိုးဖြစ်ကြောင်း ပြောဆိုလာကြသည်။ ကျုံးကော့တပ်မတော်တွင် အမှုထမ်းကြသော ဗမာအရာရှိများ ချောင်ထိုးခံထားကြရသည်။ တပ်မှူးရာထူးများသည် ဗမာများအတွက် မဟုတ်ပေ။ ဒီကိစ္စကိုတော့ အကျယ်တ၀င့် မပြောလိုတော့။
အမျိုးသားရေး၊ နိုင်ငံရေး ညီတူညီမျှ မဖြစ်မှုကိုသာ အလေးပေးဖော်ပြလိုသည်။ လုံပင်စာချုပ်ပါ ဖယ်ဒရယ်မူကို လက်တွေ့အကောင်အထည်ဖော်ရန် ပြောလိုက်တိုင်း ချိုင်းနီးစ်ဝန်မင်းကြီးများ လူအ, ကြီးလို အသံတိတ်သွားလေ့ရှိသည်။ ဗမာတွေကို ခွဲထွက်ရေးသမားများ ဖြစ်ကြောင်း၊ သောင်းကျန်းသူ အဖျက်သမားများ ဖြစ်ကြောင်း ကျုံးကော့အမှောင်၊ ခြင့်ဇိ(鏡子) စသည့် သတင်းစာများမှ တဆင့် နှစ်ပေါင်းများစွာ ၀ါဒဖြန့်ခဲ့ကြသည်။ ထို့ကြောင့်ပင် ဘေကျင်းမြို့တော်အပါအ၀င် အခြားမြို့ပြဒေသများမှ ချိုင်းနီးစ်လူမျိုး တော်တော်များများသည် ဗမာဆိုလျှင် ကျုံးကော့ပြည်ထောင်စုမှ ခွဲထွက်ရန် ကြိုးပမ်းနေသူများဖြစ်သည်ဟု ထင်ကြသည်။ ချိုင်းနီးစ် အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် လျူရှောင်ဘိုသည်ပင်လျှင် ဗမာတွေရဲ့ လိုလားတောင့်တမှုကို ကောင်းမွန်စွာ နားလည်ရဲ့လားဟု ဗမာများ မေးခွန်းထုတ်ကြသည်။
ဒီကနေ့ ကာလမှာပင်လျှင် ပြည်ထောင်စုကျုံးကော့နိုင်ငံတော် ချိုင်းနီးစ်အစိုးရက ဗမာများကို စစ်ဆင်လျက်ရှိသည်။ ကွန်မြူနစ်ပါတီဥက္ကဌကြီးကတော့ စစ်ဆင်ရေးမလုပ်ဖို့ ညွှန်ကြားထားပြီးဖြစ်ကြောင်း အလျဉ်းသင့်တိုင်း ပြောလေ့ရှိသည်။ သို့သော် အနောက်အုပ်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ဆက်သွယ်ရေးစနစ်ကောင်းမွန်အောင် လုပ်ဆောင်ရန် ဘတ်ဂျက်မရှိသဖြင့် အောက်ခြေသို့ အမိန့်ဆက်လက် စီးဆင်းရောက်ရှိရန် ခက်ခဲနေပေသည်။ အနောက်အုပ်စုမှလည်း စစ်ပွဲရပ်မှ ဆန်ရှင်ရုပ်မည်ဆိုသဖြင့် ကြက်ဥနှင့် ကြက်မ အစရှာမရသလို ဖြစ်နေသည်။ ဗမာပြည်သူတွေကတော့ အလူးအလိမ့်ခံနေရသည်။
မည်သို့ပင် ဆိုစေကာမူ ကျုံးကော့(ချိုင်းနီးစ်)အစိုးရ အနေဖြင့် ဗမာများကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းကို အမြန်ရပ်ဖို့လိုသည်။ ရပ်ဆိုင်းသည်ဟု ဆိုရာဝယ် ချိုင်းနီးစ်တပ်များ ခြွင်းချက်မရှိ ရုပ်သိမ်းခြင်းသည်လည်း အကျုံးဝင်ရမည် ဖြစ်သည်။ အမျိုးသားရေး တန်းတူမျှတရန်အတွက် ဗမာတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်တောင်းဆိုမှုကို ကျုံးကော့(ခေါ်)ချိုင်းနီးစ်အစိုးရ အနေဖြင့် လုံပင်ကတိက၀တ်ကို အခြေခံသော နိုင်ငံရေးနည်းဖြင့် ဖြေရှင်းခြင်းသည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။
ဗမာလူမျိုးများ ဆင်းရဲတွင်းမှ အမြန်လွတ်ငြိမ်းကြပါစေကြောင်း၊ တန်းတူညီမျှ အခွင့်အရေးရရှိသော လူမျိုးများ အမြန် ဖြစ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
Hpunggan Zau Man
02 March 2012 04:06 PM (GMT +08:00)
No comments:
Post a Comment