နော်စီဖိုးရာစိန်ရဲ့ အမျိုးသမီး အရေး လှုပ်ရှားဆောင်ရွက်နေစဉ်ကာလဖြစ်တဲ့ ၂၀၀၃ခုနှစ်က လောင်းရိပ်ကို ကျော်ဖြတ်ခြင်း အတွဲ၂တွင် ရေး သားဖော်ပြတဲ့ စစ်ပွဲတွေ ကင်းရာမြေ အမည်ရ ဆောင်းပါးကို အားလုံး ဖတ်လို့ရအောင် ပြန်လည်တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
ကျမဟာ မြန်မာပြည်မှာ မွေးဖွားကြီးပြင်းခဲ့တယ်။ အဲဒီတိုင်းပြည်ဟာ
ကမ္ဘာပေါ်မှာ အရက်စက်ဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အာဏာရှင်တွေ အုပ်စိုးထားတဲ့
တိုင်းပြည်တခုပါ။ ကျမက ကရင်လူမျိုး တယောက်ဖြစ်ပါတယ်။ ကရင်လူမျိုးတွေဟာ
မြန်မာပြည်မှာ ဒုတိယလူဦးရေ အများဆုံး ဖြစ်ပြီး လူဦးရေအားဖြင့် ၈သန်းကနေ
၁၀သန်းအထိ ရှိပါတယ်။ တခြားမြန်မာပြည်က တိုင်းရင်းသား လူမျိုးစုတွေလိုပဲ
ကရင်လူမျိုးတွေဟာ သူတို့ အခွင့်အရေး၊ လွတ်မြောက်ရေး၊ ကိုယ်ပိုင်
ပြဌာန်းခွင့်ရရှိရေးနဲ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၅၀ကျော်ကြာ တိုက်ပွဲ
ဝင်နေခဲ့ကြပါတယ်။
ကရင်လူမျိုးတွေဟာ အများအားဖြင့် အရှေ့ဘက်နယ် စပ်ဒေသက တောင် တန်းတွေနဲ့ မြစ်ဝကျွန်းပေးအလယ်ပိုင်း ဒေသတွေမှာ နေထိုင်ကြပါတယ်။ ကျမတို့ လူမျိုးတွေဟာ ရိုးသားကြပြီး ခိုင်မြဲတဲ့ မိသားစုဘ၀တွေ ရှိကြသလို ရင်းနှီးဖော်ရွေမှုကို
တန်ဖိုးထားပြီး ငြိမ်းချမ်းစွာ နေလိုတဲ ဆန္ဒ ရှိကြပါတယ်။ ဒါပေမယ့် ကျမတို့ဟာ စနစ်တကျ ဖိနှိပ်နေမှုတွေ၊ ညှင်းပန်းမှုတွေ၊ ခေါင်းပုံဖြစ်မှုတွေ၊ အဓမ္မနေရာပြောင်းရွေ့မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ခံစားနေကြရတာပါ။ ကျမတို့ ကရင်အမျိုးသားကျောင်းတွေ အသိမ်းခံရတယ်။ အတင်းအဓမ္မထိန်းချုပ်တာ၊ ဖျက်ဆီးပစ်တာ တွေခံရတယ်။ နောက် နိုင်ငံတော် မူဝါဒက “ဗမာကြီးစိုးရေးဝါဒ”ဖြစ်တာကြောင့် ကျမတို့ရဲ့ မိခင်ဘာသာကို ဗမာကျောင်းတွေမှာ သင်ကြားခွင့် မပေးပါဘူး။
ဗမာစစ်တပ်တွေက ကျမတို့ နယ်မြေတွေမှာ အခြေစိုက်ထားပြီး အတင်းအကျပ် လုပ်အားပေါ် ခေါ်တာ၊ အတင်းအဓမ္မ နေရာပြောင်းရွေ့ခိုင်းတာ၊ မုဒိမ်းပြုကျင့်တာ၊ နှီပ်စက်ညှင်းပန်းတာ၊ သတ်ဖြတ်ပစ်တာ၊ လုယက်ခိုးယူတာ၊ ကျမတို့ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဖျက်ဆီးပစ်တာ စတဲ့ နည်းတွေနဲ့ ကျမတို့ ပြည်သူတွေကို ထိန်းချုပ်ထားပါတယ်။ ကျမတို့ရဲ့ လယ်ယာတွေ၊ ကောက်ပဲ သီးနှံတွေ၊ စပါးကျီတွေနဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးကြတယ်။ ကျမတို့ ရွာသူရွာသားတွေကို တမင် ရည်ရွယ်ချက် ရှိရှိနဲ့ ငတ်မွတ်ကုန်အောင် လုပ်ထားတယ်။ ရွာသားတွေဟာ အမြဲတမ်းလို ရိုက်နှက် ခံရတယ်။ အမျိုးသမီးတွေကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့ပေမယ့် ဘာမှ အရေးယူတာ မရှိဘူး။ အဓမ္မမုဒိမ်း ပြုကျင့်တာဟာ လူမျိုးစုတွေကို တန်ပြန် ချေမှုန်းရာမှာ ဗမာစစ်တပ်( နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီရဲ့ စစ်တပ်)က အရာရှိတွေ၊ အကြပ် တပ်သားတွေအတွက် ထင်ရှားတဲ့ စစ်လက်နက်တခုဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းက ပစ်မှတ်တွေ ဖြစ်လာရတယ်။
ကျမတို့ ကရင်အမျိုးသမီးတွေဟာ လူ့အခွင့်အရေးတွေအားလုံး ဆုံးရှုံးနေရတယ်။ ဒီဆုံးရှုံးရတဲ့ အခွင့်အရေးတွေက ပညာသင်ကြားခွင့်၊ ကျန်းမာရေး စောက်ရှာက်ခံ ပိုင်ခွင့်နဲ့ အစားအစာ ရရှိပိုင်ခွင့်အပြင် အသက်ရှင် ရပ်တည်ပိုင်ခွင့်တွေပါ ပါဝင်ပါတယ်။ ကျမတို့ ကလေးငယ်တွေဟာ ထိုးစစ်ဆင်တိုက် ခိုက်လာမှုတွေကြားမှာ မွေးဖွားရတယ်။ ငယ်ရွယ်တဲ့ ကလေးငယ်မှာတောင် လွတ်လွတ်လပ်လပ် ငိုကြွေးနိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ ငိုသံက သူတို့ မိသားစု ပုန်းနေရတဲ့ နေရာကို ထုတ်ဖော်လိုက်သလို ဖြစ်မှာ ကြောင့်ပါ။
ကျမဟာ ကျေးလက်ဒေသက စစ်ပွဲတွေ ဖြစ်တဲ့ နေရာမှာ ကြီးပြင်းခဲ့ရတယ်။ လုံခြုံစိတ်ချမှုကို ဘယ်အခါကမှ မခံစားခဲ့ရဖူးပါဘူး။ ဘ၀တလျောက်လုံး IDPလို့ ခေါ်တဲ့ ပြည်တွင်း အိုးအိမ်စွန့်ခွာဘ၀နဲ့ နေခဲ့ရတယ်။ အခု ဒုက္ခသည်စခန်းမှာ နေထိုင်နေရတာတောင် စိတ်ချလုံခြုံမှုဆိုတာကို မခံစားရဘူး။ ကျမတို့ မိသားစုဟာ တနေရာပြီး တနေရာ ပြောင်းရွေ့နေထိုင်ခဲ့ရတယ်။ တနေရာရာမှာ ၂နှစ်ထက်ပိုပြီး ကြာအောင် နေခဲ့ရတယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီလို ပြောင်းရွေ့နေထိုင်လာရတာဟာ ၁၉၉၅ခု ဖေဖော်ဝါရီလမှာ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည် စခန်းကို ရောက်တဲ့ အထိပါပဲ။
ကျမအဖေက တော်လှန်ရေး လုပ်ငန်းတွေနဲ့ ခရီးသွားနေရချိန်မှာ ကလေး ၈ယောက်ရဲ့ အသက်ရှင် ရပ်တည်မှုကို အမေက တာဝန်ယူခဲ့ရတယ်။ အမေဟာ ခိုင်မာပြတ်သားတဲ့ အမျိုးသမီးကြီးပါ။ ကျမတို့ မကျန်းမာရင် သူသိထားတဲ့ တိုင်းရင်းဆေးဝါးတွေနဲ့ ကျမတို့ အသက်မသေရအောင် ကုသပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျမတို့မှာ ဆေးရုံ ဆေးခန်းတွေ၊ ကျန်းမာရေးလုပ်သားတွေ၊ ဆရာဝန် သူနာပြုတွေ မရှိဘူး။ ဒါ့အပြင် ဘာခေတ်မှီဆေးဝါးမှလည်း မရှိတာကြောင့်ပါ။ အမေဟာ ဒီလိုအကြားအမြင်များတဲ့အတွက် ကျမတို့ မောင်နှမတတွေ သိပ်ကံကောင်းခဲ့ပါတယ်။ တခြားကလေးငယ်တွေ သေဆုံးနေချိန်မှာ အမေဟာ သူ့ရဲ့တတ်ကျွမ်းမှုနဲ့ ကျမတို့ကို သေဘေးက ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အမေက ဒီလို ရက်စက်မှုတွေ ထိတ်လန့် ကြောက်ရွံ့စရာ အခြေအနေတွေ ကြားမှာ ဘာကြောင့်အသက်ရှင်ဖို့ လိုသလဲဆိုတာကို အမြဲရှင်းပြတတ်တယ်။ နောက်”ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေရတဲ့ တနေ့ကို ရောက်ရလိမ့်မယ်။ အဲဒီအခါကျရင် ကျမတို့ တတွေဟာ ထာဝရအေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွင်ရွင် နေထိုင်နိုင်လိမ့်မယ်လို့ အမေက ပြောတယ်။ ကျမတို့ မောင်နှမတွေဟာ အမေပြောတာကို အလေးအနက် ယုံကြည်ကြတယ်။ ကျမတို့ တိုင်းပြည်မှာ “ငြိမ်းချမ်းမှုနဲ့ တရားမျှတမှု”တွေ ရမယ့်နေ့ကို စောင့်စားနေခဲ့ကြတ်။ အခုချိန်ထိလည်း ဒီအရာတွေကို တမ်းတ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
ကျမမွေးဖွားခဲ့တဲ့ နေရာဟာ စစ်ပွဲတွေ အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ နေရာပါ။ ခုချိန်ထိလည်း ထောင်နဲ့ ချီတဲ့ အမျိုးသမီးတွေဟာ နေ့စဉ်ဆင်းရဲဒုက္ခတွေ ခံစားနေရဆဲ ဖြစ်ပါတယ်။ ကျမဟာ ဒီစစ်ပွဲ ဖြစ်ရာ ဒေသမှာ အနှစ် ၂၀လောက် ကျောင်းဆရာမ လုပ်ခဲ့ပါတယ်။ ဆရာမတယောက်အနေနဲ့ ကြုံခဲ့ရတဲ့ အကြီးမားဆုံး အခက်အခဲတွေကတော့ ကျမရဲ့ ကျောင်းသူကျောင်းသားတွေကို ငြိမ်းချမ်းမှုနဲ့ လုံခြုံမှုအကြောင်း ပြောရတာပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေ အကြောင်းကို သိနေကြတာမို့ ဒီအကြောင်းအရာတွေဟာ သူတို့အတွက်ရော ကျမတို့အတွက်ပါ လက်တွေ့မကျဘူးဆိုတာ သိနေကြတယ်။ စာသင်နှစ်တနှစ်ရဲ့ နှစ်လည်ပိုင်းကို ရောက်လာရင် မြန်မာစစ်အစိုးရက ကျမတို့ဒေသကို ထိုးစစ်ဆင်ဖို့ တပ်ဖွဲ့တွေ စေလွတ်တတ်တာမို့ ကျမတို့ဟာ ကျောင်းတွေ ပိတ်ထားရပါတယ်။ ကျမရဲ့ ကျောင်းသားတွေဟာ ရွာတွေမှာရှိတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို ကာကွယ်ဖို့အတွက် ရှေ့တန်းစစ်မြေပြင်ကို သွားကြရတယ်။ ကျမရှေ့မှာ အရပ်သားတွေအပေါ် တိုက်ခိုက်တာတွေကိုသာ တွေ့မြင်နေရတာ မဟုတ်ပါဘူး။ ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေ သေဆုံးခဲ့ရတာတွေကိုပါ ကြားသိနေရပါတယ်။
အဲဒီနှစ်တွေ အတွင်းမှာ ကျမဟာ စစ်ပွဲတွေ ကင်းရှင်းတဲ့ ဘ၀၊ စိတ်ချလုံခြုံမှုရှိတဲ့ ဘ၀ကို စိတ်ကူးမျှော်လင့်နေမိတယ်။ ဒီလို ဖြစ်လာရင် သိပ်ကို အေးချမ်းသာယာမယ်လို့ ကျမတွေးထင်မိတယ်။ ကျမဟာ နာကျင်ခံစားရတာတွေကို ရင်ထဲမှာ မြိုသိပ်ရင်း ရှေ့ဘာတွေ ထပ်ဘာဖြစ်လာမလဲဆိုတာအတွက်ပဲ ပြင်ဆင်ခဲ့ပါတယ်။ ကျမနဲ့ ကျမတို့ ပြည်သူတွေဟာ စစ်ပွဲတွေ မရှိတဲ့ ဘ၀၊ ငြိမ်းချမ်းပြီး လုံခြုံမှု ရှိတဲ့ ဘ၀တွေမှာ နေထိုင်ဖို့ဆိုတဲ့ ဆန္ဒဟာ ကျမရဲ့ အရိုးသားဆုံးနဲ့ အဖြစ်ချင်ဆုံး ဆန္ဒပါ။ ဒါပေမယ့် သွားရအုံးမယ့် ခရီးက အရှည်ကြီးဆိုတာ ကျမသိနေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ကျမတို့ အိမ်မက်တွေနဲ့ အလှမ်းဝေးနေဆဲပါ။
ငြိမ်းချမ်းရေး အပေါ် အမျိုးသမီးတွေရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ဟာ စစ်ပွဲတွေ ပြီးဆုံးသွားတာ တခုတည်း မဟုတ်ပါဘူး။ ကျမတို့ လိုလားတာက စစ်မှန်တဲ့ ငြိမ်းချမ်းရေးပါ။ ဒါက တရားမျှတမှုရှိတဲ့ ငြိမ်းချမ်းရေးပါ။ ဒီငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေအပြင် အိမ်တွင်း အကြမ်းဖက်မှုတွေပါ ကင်းရှင်းတဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ စစ်ပွဲတွေ ပြီးဆုံးသွားခဲ့ရင်လည်း အိမ်တွင်း အကြမ်းဖက်မှုတွေ ရှိနေအုံးမယ်ဆိုရင် ဒီလိုငြိမ်းချမ်းမှုမျိုးကို ကျမတို့ အမျိုးသမီးတွေ အနေနဲ့ မပျော်ပိုက်နိုင်ပါဘူး။
ကျမကတော့ လက်ရှိ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ လုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုဟာ ပိုမို တိုးမြင့်မလာပဲနဲ့တော့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ ကျမတို့ အမျိုးသမီးတွေရဲ့ စွမ်းရည်ကို အပြည့်အ၀ ပေးဆပ်နိုင်လိမ့်မယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ပြည်တွင်း စစ်ဖြစ်နေတဲ့ နှစ်အရှည် အကြာကြီးအတွင်းမှာ ကျမတို့ အမျိုးသမီးအများအပြား ထိခိုက်ခဲ့ကြရနတယ်။ ဒုက္ခဖြစ်ခဲ့ကြရပါတယ်။ နောက် စစ်ဖြစ်ရတဲ့ အကြောင်းရင်းဟာ အမျိုးသမီးတွေကြောင့် မဟုတ်ပါဘူး။ ကျမတို့ အမျိုးသမီးတွေမှာ ငြိမ်းချမ်းရေးအတွက်၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် စီစဉ်ဆောင်ရွက်ရာမှာ အမျိုးသားတွေနဲ့အတူ အလုပ်လုပ်နိုင်တဲ့ အရည်အသွေးတွေ ရှိပါတယ်။
ကျမတယောက် အနေနဲ့ကတော့ ဒီစစ်ပွဲမှာ ပါဝင်ပတ်သက်နေသူတွေ အားလုံးဟာ ခွင့်လွတ်ကျေးအေးမှုတွေနဲ့အတူ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ တာဝန်ရှိတယ်လို့ ယုံကြည်ပါတယ်။ နောက် ၁၉၈၄ခုနှစ်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရခဲ့တဲ့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးရဲ့ စကားကို ကျမအနေနဲ့ အပြည့်အ၀ ထောက်ခံပါတယ်။ "ခွင့်လွတ်ကျေးအေးမှု မရှိရင် အနာဂတ်ဆိုတာ မရှိဘူး" ဆိုတာပါပဲ။ သြဇာအာဏာတွေ၊ ဂုဏ်မာနတွေ၊ အမုန်းတရားတွေဟာ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ကမ္ဘာကြီးတခု ဒါမှမဟုတ် နိုင်ငံတနိုင်ငံကို မဖန်တီးနိုင်ပါဘူး။ ကျမတို့ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ညီအစ်ကိုတွေ အားလုံးနဲ့အတူ သွေးစည်းဖို့ လိုပါတယ်။ ကျမတို့ အမျိုးသမီးတွေ ကြိုးပမ်းနေတဲ့ ပူးပေါင်းလုပ်ဆောင်မှု၊ အမျိုးသား ပြန်လည် သွေးစည်းညီညွတ်မှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုတွေအတွက် ထောက်ခံအားပေးမှုတွေ လိုအပ်နေပါတယ်။
နော်စီဖိုးရာစိန်
ဇွန်လ ၁၁၊ ၂၀၀၃ခုနှစ်
လောင်းရိပ်ကို ကျော်ဖြတ်ခြင်း ၂ စာစောင်မှ

No comments:
Post a Comment