Blogger Widgets

Monday, June 4, 2012

Mizzima news

ကရင်ပြည်နယ်၏ ပထမဆုံးသော အလုပ်သမား သမဂ္ဂ မှတ်ပုံတင်ကျပြီ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဘန်ကောက် (မဇ္ဈိမ)။   ။ ကရင်ပြည်နယ်အတွက် ပထမဆုံးသော အလုပ်သမား သမဂ္ဂတခုကို သက်ဆိုင်ရာ အာဏာပိုင်များက တရားဝင် မှတ်ပုံတင်ချမှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“အထည်ချုပ်နှင့် သားရေအလုပ်သမားများ သမဂ္ဂ” မှ ခေါင်းဆောင် များသည် ဘားအံရှိ ပြည်နယ်ရုံးသို့ သွားရောက်ကာ မှတ်ပုံတင် ရရှိရေးအတွက် ကြိုးပမ်းခဲ့ကြရာ တရားဝင် ခွင့်ပြုသည့် အဖွဲ့အစည်း မှတ်ပုံတင်ကို မေလ ၃၁ ရက်နေ့က ချပေးခဲ့ကြောင်း အဆိုပါသမဂ္ဂ၏ ဥက္ကဋ္ဌ ဖြစ်သူ ကိုဝေဖြိုးကြွယ်က မဇ္ဈိမကို ပြောသည်။

“ဘားအံမှာရှိတဲ့ ခရိုင်မှတ်ပုံတင်အရာရှိ ဦမိုးအောင်ခိုင်က-----------------
တရားဝင် သမဂ္ဂအဖြစ် မှတ်ပုံတင် ချပေးလိုက်ပါပြီ။ ဒါကြောင့် ကျနော်တို့ဟာ အလုပ်သမားအရေးကို တရားဝင် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်း ရှိလာပြီ
ဖြစ်ပါတယ်။ ဒီလို ဖြစ်မြောက်ဖို့ ကူညီပေးကြတဲ့ လွတ်လပ်သော အလုပ်သမား သမဂ္ဂများ
ပေါ်ပေါက်ရေး ကော်မတီ၊ အာဏာပိုင်များနဲ့ ဘ၀တူ အလုပ်သမားများကို အထူး ကျေးဇူးတင်တယ်
လို့ ပြောချင်ပါတယ်” ဟု ဆိုသည်။

ဤသမဂ္ဂသည် ကရင်ပြည်နယ် ဘုရားသုံးဆူ ဒေသတွင် အခြေစိုက် တည်ထောင်ထားသည်။ သမဂ္ဂ ဖွဲ့စည်းခြင်း အခမ်းအနားတရပ်ကို မေလအတွင်းက ဘုရားသုံးဆူမြို့ ဓမ္မဟေ၀န် ကျောင်းတိုက်တွင်
ပြုလုပ်ခဲ့သည်။

အဖွဲ့ဝင်များသည် မြန်မာဘက်ခြမ်း ဘုရားသုံးဆူမြို့တွင် နေထိုင်ကြပြီး နေ့ဘက်တွင် ထိုင်းဘက်ခြမ်းကို ကူးကာ အလုပ်လုပ်ကြသူများ ဖြစ်ကြသည်။ ယခင်က အလုပ်သမားများအပေါ်တွင် အလုပ်ရှင်ဘက်က မတရား ပြုလုပ်သည့်အခါ သမဂ္ဂကဲ့သို့သော အဖွဲ့အစည်းများ မရှိကြသဖြင့် အလုပ်သမားများမှာ များစွာ နစ်နာခဲ့ရသည်။

 “အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာဖြစ်လာရင် ကျနော်တို့ အလုပ်သမားတွေက အလုပ်သမား ဥပဒေတွေ နားမလည်ကြတော့ ဖြစ်လိုက်ရင် ကွဲတာချည်းပဲ။ ပြီးခဲ့တဲ့နှစ်တွေက ၁၅ ဘတ်လေး တိုးဖို့ အသည်းအသန် တိုက်ခဲ့ရတယ်။ အလုပ်သမားအများစုက အခွင့်အရေးတော့ လိုချင်ကြတယ်။ ဒါပေမယ့် ကိုယ့်အခွင့်အရေး
အတွက် ကိုယ်တိုင် ရဲရဲရင့်ရင့် တောင်းရမယ် တိုက်ရမယ်ဆိုရင် မပါချင်ကြဘူး။ ပါလာရင်လည်း ခဏပဲ။ ဒါကလည်း အပြစ်တင်လို့မရဘူး။ ကျနော်တို့မှာ ခိုင်မာတဲ့ အဖွဲ့အစည်း ကျောထောက်နောက်ခံမှ မရှိတာကိုး။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရှိသမျှ ခွန်အားနဲ့ ဒီသမဂ္ဂကို မဖြစ်ဖြစ်အောင် တည်ထောင်ခဲ့တာပါ” ဟု ကိုဝေဖြိုးကြွယ် က ပြောသည်။

ယခု သမဂ္ဂသည် လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ကူညီခြင်းဖြင့်
ပေါ်ပေါက်လာသော ရှစ်ခုမြောက် သမဂ္ဂဖြစ်ကြောင်း သိရသည်။

“ဒီသမဂ္ဂနဲ့ပါဆိုရင် ကျမတို့ သမဂ္ဂ ရှစ်ခု ဖြစ်မြောက်ရေး အတွက် အကူအညီပေးနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ မှတ်မှတ်ရရ ပြောချင်တာက ဒီဘားအံက မှတ်ပုံတင် အရာရှိ ဦးမိုးအောင်ခိုင်ဟာ အလုပ်သမားတွေအပေါ်မှာ တကယ် စာနာစိတ်ရှိတဲ့ ပုဂ္ဂိုလ်လို့ မြင်မိပါတယ်။ အလုပ်သမား အရေးအရာကို ဂဃနဏ လေ့လာထားသလို၊ အလုပ်သမားတွေကိုလည်း အဆင်ပြေစေချင်တဲ့ သဘောရှိပုံရတယ်။ အခက်အခဲ မရှိဘဲ ကျမတို့ မှတ်ပုံတင်ရခဲ့ပါတယ်” ဟု ကော်မတီခေါင်းဆောင်တဦးဖြစ်သူ ဒေါ်အိရွှေစင်ညွန့် က ဆိုသည်။

ရန်ကုန်တိုင်း အလုပ်သမားရေးရာ မှတ်ပုံတင်အရာရှိများမှာ အလုပ်သမားများကို လွယ်သည်ကို ခက်အောင်လုပ်ခြင်း၊ အဖွဲ့ဝင် ၇၀ ရှိသည်ဟုဆိုလျှင် ယင်း ၇၀ လုံးကို ရုံးသို့ ခေါ်စေခြင်း၊ အချိန်ဆွဲခြင်း စသည့်အပြုအမူများ ရှိကြောင်း သိရသည်။ ထို့ကြောင့် ဦးမိုးအောင်ခိုင်ကဲ့သို့ အပြုအမူကို ရန်ကုန်တိုင်း အလုပ်သမား မှတ်ပုံတင်အရာရှိများ အတုယူသင့်သည်ဟု ဒေါ်အိရွှေစင်ညွန့် က မှတ်ချက်ပေး ပြောဆိုသည်။

No comments:

Post a Comment