Blogger Widgets

Tuesday, July 17, 2012

KIC facebook

လူငယ်များ၏ စကားလက်ဆောင်

နော်မုဒါး - ၂၁ နှစ်
ပညာအရည်အချင်း - ဆယ်တန်းလွန်ကျောင်း (Post Ten)
ဝါသနာ - လူထုအခြေပြုလုပ်ငန်း


ကျမနာမည် နော်မုဒါးပါ။ မောင်နှမ ၇ယောက်ရှိတဲ့အထဲမှာ ကျမက ၃ယောက်မြောက် သမီးဖြစ်ပါတယ်။ ၁၉၉၁ခုနှစ်မှာ ကရင် ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ ကျမ မွေးဖွားခဲ့ပါတယ်။ လက်ရှိ ထိုင်း-ကရင်နီ(ကယား) ပြည်နယ် နယ်စပ် လယ်တောရွာမှာ နေပါတယ်။ မိဘနှစ်ပါးစလုံးဟာ လယ်တောမှာပဲနေကြပြီး တောင်ယာလုပ်ငန်းနဲ့ပဲ လုပ်ကိုင်အသက်မွေးဝမ်းပြုကြပါတယ်။ ကျမ လယ်တောရွာက အလယ်တန်း(ယခု အထက်တန်း)ကျောင်းမှာ ၈တန်းအထိ ကျောင်းနေပါတယ်။ အဲဒီကနေတဆင့် ၂၀၀၇ခုနှစ်မှာ မိဘရင်ခွင်ထဲကနေ ထွက်ခွာပြီး ထိုင်းနိုင်ငံနယ်စပ်၊ မယ်လအူးဒုက္ခသည်စခန်းမှာရှိတဲ့ အမှတ်(၂)အထက်ကျောင်းမှာ ၉တန်းကနေ ၁၀တန်းအောင်တဲ့အထိ ကျောင်းဆက်တက်ခဲ့ပါတယ်။ တကယ်ဆိုရင် လယ်တောမှာပဲ ဆယ်တန်းရောက်တဲ့အထိ ကျောင်းနေဖို့ပဲ။ ဒါပေမယ့် ကျောင်းက အလယ် တန်းအဆင့်ပဲဆိုတော့ ဆက်တက်ဖို့က မဖြစ်နိုင်တော့လို့ မယ်လအူးစခန်းကို ကျောင်းလာတက်ခဲ့ရတာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းမှာ ကျောင်းတက်ရတာ ပြည်တွင်းမှာလို မဟုတ်ဘဲ ပညာရေးအဆင့် ပိုကောင်းသလို ကျောင်းနေစရိတ်ပါ မပေးရတဲ့အတွက် ကျမအဖို့ ပိုပြီး အဆင်ပြေခဲ့ပါတယ်။

ကျမငယ်ငယ်တုန်းက ဆေးဆရာမဖြစ်ချင်ခဲ့ပေမယ့် ဆယ်တန်းအောင်ပြီး ကရင်အမျိုးသမီးအစည်းအရုံး-KWO က ဖွင့်တဲ့ ကရင်အမျိုးသမီးလူငယ်ခေါင်းဆောင်သင်တန်းကျောင်း(Posten)ကို တနှစ်တက်ပြီးတဲ့နောက် လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ချင် စိတ် ရှိလာတယ်။ အခု ကျမ ဒီ KWO မှာ အလုပ်လုပ်တယ်။ တနှစ်လောက်ရှိပြီ။ အလုပ်လုပ်ရတာ ပျော်ပါတယ်။ ဒီလိုအဖွဲ့ထဲမှာ ရုံးအလုပ် ဖြစ်ဖြစ်၊ မှတ်တမ်းလိုက်တာပဲဖြစ်ဖြစ်၊ နောက် လူ့အခွင့်အရေးနဲ့ ပတ်သက်တာတွေ သင်တန်းတက်ပြီး ပြန်ဝေမျှပေးတာဖြစ်ဖြစ် လုပ်ရတာ ကို စိတ်အားထက်သန်လာပါတယ်။

နောက်ဆုံး ကျမပြောတာကတော့ ကရင်လူငယ်တွေဟာ ပညာကို တတ်စွမ်းသမျှ ကြိုးစားသင်ယူပြီး ကိုယ့်ကရင်လူထုအတွက် အကျိုးမပြုနိုင်ရင်တောင်မှ အနည်းဆုံး သူတို့ရဲ့ မိသားစုတွေကို အကျိုးပြန်ပြုနိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပြောချင်တယ်။ ကျမ ကလည်း လူမှုအသိုင်းအ၀ိုင်းထဲမှာ အလုပ်လုပ်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆန္ဒပြုပါတယ်။

No comments:

Post a Comment