Blogger Widgets

Sunday, December 8, 2013

KIC news

***ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။***
=======================================

ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲဘဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းလည်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ ဒီမူ (၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြ လိုက်ပါတယ်။
(၁) ကရင်တွေ လက်နက်ချစကား မပြောရ။
(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။********
-------- ***** --------

ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့များသို့ ပန်ကြားချက် အမှတ် (၁)ပေးစာ
ဗမာစစ်အုပ်စုနဲ့  ပူးပေါင်းနေတဲ့ ကရင့်လက်နက်ကိုင်တပ်များခင်ဗျား။
ဒီပန်ကြားချက်ကို မျှော်လင့်ချက် ကြီးစွာနဲ့  ရေးသားရခြင်း ဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးစွာလို့  ရေးသားရခြင်းမှာ အောက်ပါ မျှော်လင့်ချက်များကြောင့် ဖြစ်ပါတယ်။
(က) ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးက ဒီစစ်ဟာ အစနဲ့အဆုံးဘဲ ဖြစ်တယ်လို့ မိန့်ကြားခဲ့တယ်။ ရဲဘော်တို့လည်း သိထားပြီး ဖြစ်ပါတယ်။ ဒီစစ်ပွဲကို ကျနော်တို့ စတိုက်တာ မဟုတ်ပဲ ဗမာတွေက ကျနော်တို့ ကရင်လူမျိုးတွေကို ကျွန်ပြုစေလိုသောကြောင့် ကျနော်တို့ ကရင်တွေကို ဗမာတွေက အရင် စပြီးတိုက်ခဲ့ပါတယ်။
၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှာ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက ခေါင်းဆောင်ပြီး ကရင်တမျိုးသားလုံးရဲ့ ဆန္ဒကို ဖော်ပြတဲ့ အနေနဲ့  ပိုစတာ (၄)ချက် ကိုင်စွဲပြီး ပြည်လုံးကျွတ် အသံတိတ် ဆန္ဒပြခဲ့တာ။ ရဲဘော်တို့ မှတ်မိကြမယ်လို့ ထင်တယ်။ ဒီပိုစတာ (၄)ချက်က ဘာလဲဆိုတော့။

(၁) ကရင်ပြည် ချက်ချင်းပေး
(၂) ကရင်တကျပ် ဗမာတကျပ် ချက်ချင်းပြ။
(၃) လူမျိုးရေး အဓိကရုန်း အလိုမရှိ။
(၄) ပြည်တွင်းစစ် အလိုမရှိလို့ ပိုစတာ (၄)ချက်က ဖော်ပြတယ်။

ကျနော်တို့ ကရင်တွေ အဲဒီတုန်းက ညီညွတ်လိုက်ကြတာများ လူဦးရေ (၅)သိန်းလောက် တပြည်လုံး ဆန္ဒပြကြခဲ့တယ်။ ကရင်တမျိုးသားလုံး လွတ်လပ်ရေး လိုချင်ကြောင်း၊ တန်းတူရေး လိုချင်ကြောင်း၊ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေး လိုချင်ကြောင်း၊ ငြိမ်းချမ်းရေး လိုချင်ကြောင်း တခဲနက် ဖော်ပြခဲ့ကြပါတယ်။
ကျနော်တို့ရဲ့ လိုလားချက်တွေကို ဗမာတွေက အေးအေးချမ်းချမ်း မပေးခဲ့ပါဘူး။ ကရင်ဗိုလ်ချုပ်ကြီး (စမစ်ဒွန်း) ကို ဖြုတ်ထုတ်ပြီး ကရင်ကို အစိတ်သား ကောင်တောင် မထားနဲ့၊ ကရင်ကို ကျူပင်ခုတ် ကျူငုတ် မကျန်အောင် အမျိုးဖြုတ်ပစ်ဆိုတဲ့ ဗမာ စိတ်ထားရှိတဲ့ တက်သစ်စ စစ်ဦးစီးချုပ် (ဗိုလ်နေ၀င်း)ဟာ စစ်ရေးစွမ်းရည်တွေ ပြလာပါတော့တယ်။
၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၀ရက်နေ့ မှာ အလုံ ကရင်ရပ်ကွက်ကို ဗမာစစ်တပ်တွေက စတင်ပြီး တိုက်ခိုက် လာပါတယ်။ တဆက်ထဲမှာဘဲ (ခ၀ဲခြံ) ကရင်ရပ်ကွက်ကို ဆက်ပြီးတိုက်ပြန်ပါတယ်။ ဇန်န၀ါရီ (၃၁)ရက်နေ့ မှာ အင်းစိန်ရှိ ကရင်အမျိုးသားများကို ဆက်လက်တိုက်ခိုက် လာပါတော့တယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး၊ ကရင်လူမျိုး တည်တံ့ရေးတို့ အတွက် ကရင်တမျိုးသားလုံးမှာ တာဝန်ရှိလာတဲ့အတွက် မတရားတဲ့ လက်နက်ကိုင် ခုခံတော်လှန်စစ်ကို ဆင်နွဲကြရတယ်ဆိုတာ ရဲဘော်တို့  သိထားပြီး ဖြစ်ပါတယ်။
၁၉၄၉ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့ က စတင်ဖြစ်ပွားခဲ့တဲ့ ကရင့်တော်လှန်ရေးဟာ နှစ်ပေါင်း ၆၀ပြည့်ပါတော့မယ်။ ဒီခုခံတော်လှန်စစ် နှစ်ပေါင်း (၆၀)အတွင်း ကျနော်တို့ သွေးသားတွေ၊ မျိုးချစ်တွေ၊ သူရဲကောင်းတွေ အထောင်အသောင်း ကျဆုံးခဲ့ပါတယ်။ ဒုက္ခိတတွေ ဖြစ်ကုန်တယ်။ ဒီလိုကျဆုံးကြတဲ့ ကရင့်သူရဲကောင်းတွေကို ရဲဘော်တို့ သတိရအုံးမှာပါ။ ဟိုးတောင်ငူ (သောသီခို)က ဘိတ်၊ ထားဝယ်ရှိ မြင့်မိုရ် လက်ခတောင် တလျှောက်၊ ဒို့ကရင်အမျိုးသားတွေက ရန်သူတွေကို တက်ညီလက်ညီ တိုက်ခဲ့ကြတာ ရဲဘော်တို့  မေ့ကြမယ် မထင်ပါဘူး။ မိုးကာတခုအောက်မှာ အတူအိပ်ခဲ့ကြတာတွေ ထမင်းတပန်းကန်ထဲ စားခဲ့ကြတာတွေကို ခုအထိ မြင်ရောင်နေမိပါသေးတယ်။
(ငါးခူဟာ ငါးခူပဲ၊ ငါးရံ့ မဖြစ်လာနိုင်သလို) ဘယ်နေရာပဲ ရောက်ရောက်၊ ဘာပဲဖြစ်ဖြစ် (ကရင်ဟာ ကရင်ပဲ ဖြစ်ပါတယ်) တခြားလူမျိုး ကရင်ကို ချစ်တယ်ဆိုတာ ကရင်အချင်းချင်း မုန်းသလောက်ပဲ ရှိပါသေးတယ်။ ကျနော်တို့  ကရင်ညီအစ်ကိုတွေ တယောက်နဲ့ တယောက် ခွင့်လွတ်ကြပြီး အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲလမ်းမကြီးပေါ် လျှောက်လှမ်းဖို့ မျှော်လင့်တကြီးနဲ့ စောင့်နေပ့မယ်။ ပြန်လာကြပါနော်။
ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းတဲ့ ကရင်လက်နက်ကိုင်များခင်ဗျား။
ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ မူ ၄ ချက်ကို ရဲဘော်တို့ ကိုင်စွဲထားဆဲဘဲလို့ ရဲဘော်တို့ ပြောကြတယ်။ ၀မ်းလည်းသာတယ်။ ဂုဏ်လည်းယူပါတယ်။ ဒီမူ (၄)ချက်ကို မမေ့ရအောင် ထပ်လောင်းဖော်ပြ လိုက်ပါတယ်။
(၁) ကရင်တွေ လက်နက်ချစကား မပြောရ။
(၂) ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။
(၃) ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်။
(၄) ကရင်ပြည်ကို အသိအမှတ်ပြုရမယ်လို့ ဖော်ပြထားပါတယ်။

ရဲဘော်တို့ ဗမာစစ်အုပ်စုနဲ့ ပူးပေါင်းသွားတာ အခုဆိုရင် (၁၅)နှစ် ရှိသွားပြီး ဖြစ်ပါတယ်။ ကရင်အမျိုးသား ခေါင်းဆောင်ကြီး ချမှတ်ပေးခဲ့တဲ့ မူ(၄)ချက်ထဲက တခုခု ရရှိခဲ့သလားဆိုတာ မေးချင်ပါတယ်။ ကရင်အမျိုးသားများရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ ကရင်ပြည် ရရှိခဲ့ပြီးလား။ ကရင်အမျိုးသားများရဲ့ ကံကြမ္မာ ကရင်တွေ ဖန်တီးခွင့် ရှိကြပြီးလား။
ဒီ(၁၅)နှစ်အတွင်း ခေါင်းဆောင်ပိုင်းတွေ ကျိကျိတက် ချမ်းသာလာခဲ့ကြတယ်။ ကိုယ့်ကရင်တွေ ချမ်းသာလာလို့ ၀မ်းသာကြည်နူးခဲ့ရပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ ကရင်ပြည်သာ ရမယ်ဆိုရင် ဘယ်လောက် ၀မ်းသာ ကြည်နူးဖို့ ကောင်းလိုက်မလဲနော်။
၂၀၁၀ နောက်ပိုင်း ဒီကေဘီအေဆိုတဲ့ အမည်တွေ၊ အလံတွေ ပျောက်ပြီး နယ်ခြားစောင့်အဆင့်နဲ့ အခိုင်းခံဘ၀ ရောက်ရပြန်ပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ပျောက်သွားပြီးတော့ သူ့ကြမ္မာ သူဖန်တီးယူတော့မှာ ဖြစ်ပါတယ် ရဲဘော်တို့။ (ကရင့်သိက္ခာ၊ ကရင့်တန်ဘိုး) ငွေသာရှိပြီး (သိက္ခာမရှိနဲ့ တန်ဘိုး) မဲ့နေရင် အသက်ရှင်လျှက် လေဖြတ်ပြီး ကိုယ်တခြမ်း သေနေတာနဲ့ တူနေပါတယ်။
ကရင့်သိက္ခာနဲ့ ကရင်တန်ဘိုးဆိုတာ ကိုယ့်ပြည် ကိုယ့်အစိုးရနဲ့ နေနိုင်မှ၊ သူ့ကျွန်ဘ၀က လွတ်မြောက်မှ လူ့သိက္ခာ၊ လူ့တန်ဘိုးရှိတာ ဖြစ်ပါတယ်။ တိုင်းပြည်မရှိတဲ့ လူမျိုးဟာ ကျွန်ဖြစ်တယ်လို့ ကရင်အမျိုးသား ခေါင်းဆောင်ကြီး စောဘဦးကြီးရဲ့ သြ၀ါဒကို ရဲဘော်တို့ မမေ့သေးဘူးလို့ ယူဆပါတယ်။

၂၀၁၀ နောက်ပိုင်း ရဲဘော်တို့က ဗမာတွေရဲ့ စစ်ကျွန်ဘ၀လုံးလုံး ရောက်သွားခဲ့ကြပြီးနောက် အရင်လို လွတ်လွတ်လပ်လပ် လှုပ်ရှား သွားလာခွင့် ရနေသေးသလား။ ကိုယ့်ကရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပိုင်ခွင့် ရှိခဲ့ကြပြီးလား။ ကရင်နှစ်သစ်ကူးနေ့ကို ယခင်ကလို လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရကြပြီးလား။
ဗမာစစ်အုပ်စုရဲ့ (၄)လပတ် အစည်းအဝေး တခုမှာ ဗမာ စစ်အုပ်စုရဲ့ နံပါတ်(၁) ရန်သူဟာ (ကရင်)တွေဘဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ပြည်ပနံပါတ်(၁) ရန်သူကတော့ ထိုင်းနိုင်ငံဖြစ်တယ်ဆိုတာ ပြောခဲ့ပါတယ်။ ကရင့်တော်လှန်ရေးကို ဖြိုခွဲရာမှာ ရဲဘော်တို့ကို ဆက်လက်ပြီး အသုံးချ နေဦးမှာ ဖြစ်တယ်ဆိုတာလည်း ရဲဘော်တို့ သိထားစေချင်ပါတယ်။ ကရင်အချင်းချင်း ပြန်သတ်ခိုင်းအုံးမယ်။ ရဲဘော်တို့ကို ရှေ့ ကနေ တက်ခိုင်းပြီး သူတို့က ကျည်လွတ်မြောက်ရာနေရာကနေ လက်နက်ကြီးတွေနဲ့ ကူသတ်ပေးလာမယ်ဆိုတာ မြင်ရောင်နေပါသေးတယ်။
နောက်တခေါက်မှ ဆက်ရေးပါအုံးမယ်။ ကရင်ခေါင်းဆောင်တွေဖြစ်တဲ့ စောဟန်တာသာမွေး၊ စောဝေသော၊ စောဝေရီကျော်၊ ဗိုလ်ချုပ်အုံးဖေ၊ ဗိုလ်မှူးချုပ်လင်းထင်တို့လို မဖြစ်ကြပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ ကရင့်လွတ်လပ်ရေးအတွက် တတပ်တအား ထမ်းဆောင်နိုင်ပါစေလို့ မျှော်လင့်နေရင်း …
ကရင့်အလံတော်အောက် လာရောက်စုရုံးနိုင်ပါစေ။
ကရင်နှစ်သစ်ကူးပွဲတော်တွေ စုပေါင်းကျင်းပနိုင်ကြပါစေ။
ကရင့်လွတ်လပ်ရေးကို အတူရယူနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။
တချိန်က သင်တို့နဲ့အတူ စစ်မြေပြင်မှာ ရန်သူကို ရဲရဲတောက် တိုက်ပွဲဝင်ခဲ့တဲ့ သင်တို့ရဲ့ ရဲဘော်
ဖူးကီးဒို
ပေးစာကို ပေးပို့ပေးတဲ့ ဖူးကီးဒိုအား အထူးကျေးဇူးတင်ရှိလျှက်
ကျော်အဲခေါင်သောင့် ၏ (ehkhaungthaunt.blogspot.com) မှ တဆင့် (ရဲဘော်.စောဒဲ့ဒိုး) ပြန်လည်ဖြည့်စွက်ဖော်ပြခြင်း ဖြစ်ပါသည်

No comments:

Post a Comment