Blogger Widgets

Thursday, February 19, 2015

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား

လက်မှတ်ထိုးတာ ဆင်းရဲလို့ လား
======================
ဖိုးခွားရေ
အဖျား မြန်မြန်ကျတော့
အမိုးတို့  ကိုယ့်ကြမ္မာ ကိုယ်ဖန်းတီးရတော့မယ်။

မင်းတို့ အဖိုးတွေကတော့
လက်မှတ်ထိုးပြီး သူတို့ ကြမ္မာ သူ့ တို့ ဖန်တီးတယ်
အမိုးတို့ ကတော့
ဓားမ ကိုင်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးကြမယ်။
သူတို့ စစ်မတိုက်တော့ဘူး ဖိုးခွား
သူတို့ ချမ်းသာ သွားပြီ။
ဒါဆို… ရွာကို ပြန်မယ်ဟုတ်လား
ဘယ်ရွာကို ပြန်မှာလဲ ဖိုးခွား
အမိုးတို့ ရွာတွေဟာ
သူတို့ ပြောပြောနေတဲ့

နေပြည်တော်ဆိုတာကြီး ဖြစ်သွားပြီ။
သူတို့ ပြောပြောနေကြတဲ့
ကစားကွင်းကြီးတွေဆိုတာကလည်း
အမိုးတွေရဲ့  ဥယျာဉ်ခြံကြီးတွေပဲပေါ့ကွယ်။
ဒါဆို ဘယ်မှာနေကြမလဲ ဟုတ်လား
ကိုယ့်ရောက်တဲ့နေရာ ကိုယ့်ရွာပေါ့ ဖိုးခွား
အမိုးက တောင်ယာခုတ်
ဖိုးခွားက ကြက်တအုပ်မွေး
အခြေအနေပေးရင်
မင်းတို့ အဖိုးတွေကို ထမင်းစားဖိတ်ကြွေးရမယ်။
သူတို့ လာပါ့မလား
မပူပါနဲ့ ဖိုးခွားရယ်
ဘာမှ မတော်နဲ့ ဟိုးနေပြည်တော်က
မသူတော်တွေကြွေးတဲ့ ထမင်းကိုတောင် သူတို့ စားခဲ့ကြသေးတာပဲ
အမိုးတို့ က အမျိုးအရင်းကြီးတွေပဲလေ
သူတို့ လာရင် မေးချင်တာတွေ မေးရတယ်။
အဖိုးတို့ နှစ်(၆၀)ကျော် စစ်တိုက်ကြတာ ဆင်းရဲလို့ လား
စစ်သားတွေ သေနတ်ကိုင်တာ ဆင်းရဲလို့ လား
စစ်သားတွေ မိုင်းထောင်နေတာ ဆင်းရဲလို့ လား
စစ်သားတွေ ရွာမီးရှို့ တာ ဆင်းရဲလို့ လား
စစ်သားတွေ ပေါ်တာဆွဲတာ ဆင်းရဲလို့ လား
စစ်သားတွေ မုဒိမ်းကျင့်တာ ဆင်းရဲလို့ လား
စစ်သားတွေ ရွာသားတွေကို သတ်ဖြတ်နေတာ ဆင်းရဲလို့ လား
စစ်သားတွေ ရမ်းကားချင်တိုင်း ရမ်းကားနေတာ ဆင်းရဲလို့ လား။
အဖိုးတို့ ရော….
လက်မှတ်ထိုးတာ ဆင်းရဲလို့ လား။
ကျောင်းတက်ချင်တဲ့ ဖိုးခွားကတော့
ကျောင်းတွေအကြောင်းမေးပါ ဖိုးခွား။
အခုတော့...
အဖျားကျအောင် မြန်မြန်လုပ်
အမိုးတို့ တောင်ယာခုတ်ရအောင်။
-----------------------------------
ခိုင်မာကျော်ဇော
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၅၊

No comments:

Post a Comment