လူငယ်များရဲ့ စကားလက်ဆောင်
နော်မဏိစန္ဒာ ၂၅နှစ်
ဝါသနာ လူမှုရေးနဲ့ ကယ်ဆယ်ရေး
ပညာ ဆယ်တန်းအောင်
ကျမက ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ထီးသဒေါ့ထာ့(ပုဇွန်မြောင်း)ရွာဇာတိပါ။ မိဘတွေက လယ်သမားတွေပါပဲ။ တိုးတက် သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA ရဲ့ မောင်းထုတ်မှုကြောင့် ၂၀၀၄ခုနှစ်မှာ ကျမတို့ မိသားစုအားလုံး ရွာက နေထွက်ပြီး ထိုင်း-မြန်မာနယ်စပ် မယ်ရာမိုဒုက္ခသည်စခန်းမှာ တက်လာကြပါတယ်။ ဒုက္ခသည်မှာ လာအခြေချတော့ ရွာမှာရှိတဲ့ လယ်ယာ၊ ခြံမြေတွေ အားလုံးကိုလည်း DKBA က သိမ်းသွားခဲ့ပါတယ်။
ကရင်ပြည်နယ်ထဲမှာ ၈တန်းအထိ ကျောင်းနေပါတယ်။ DKBA မောင်းထုတ်ခံရပြီးနောက် မယ်ရာမိုဒုက္ခသည်စခန်းမှာ ကျမ ၉တန်းကနေ ကျောင်းဆက်တက်တာ ၁၀တန်းအောင်တဲ့အထိပါပဲ။ ၂၀၀၇ခုနှစ်မှာ ၁၀အောင်တာပေါ့နော်။ ၁၀တန်းအောင်တဲ့ နောက်မှာ တတိယနိုင်ငံအခြေချတဲ့ အစီအစဉ်ရှိတဲ့အတွက် ၁၀တန်းလွန်ကျောင်းတွေကို မတက်ဖြစ်တော့ပါဘူး။ မယ်ရာမိုစခန်း မှာ ကျောင်းတက်တဲ့အချိန် ကျမဘ၀ ပိုပြီးလုံခြုံတယ်လို့ ခံစားရပါတယ်။ ပညာကိုလည်း လွတ်လွတ်လပ်လပ် သင်ယူခွင့်ရခဲ့ တယ်။ ရွာမှာနေတုန်းက မိဘက စိုက်ပျိုးရေးလုပ်တော့ ၀မ်းစာအတွက် မပူပန်ရပေမယ့် DKBA ရန်ကို စိုးရိမ်ပူပန်နေရတယ်။
၂၀၀၈ခုနှစ်မှာ ကျမတို့ မိသားစုတွေအားလုံး တတိယနိုင်ငံ အခြေချနေထိုင်ဖို့ ကနေဒါနိုင်ငံကို လျှောက်ပါတယ်။ ၂၀၀၉ခုနှစ်မှာ ကျမတို့ ကနေဒါနိုင်ငံကို လာရောက်နေထိုင်ခွင့်ရခဲ့တယ်။ အခု ကျမ ကနေဒါနိုင်ငံမှာ နေပါတယ်။ ရောက်ခါစတုန်းက အခြေခံ အင်္ဂလိပ်စာသင်တန်း တနှစ်တက်တယ်။ နောက် ကလေးနဲ့ လူကြီးတွေကို ပြုစုစောင့်ရှောက်တဲ့ daycare coach သင်တန်း တနှစ်တက်တယ်။ အခု ကျမ ကနေဒါ မိသားစုတစ်ခုရဲ့ အိမ်မှာ သက်ကြီးရွယ်အို အမျိုးသမီးကြီးတစ်ယောက်ကို ကြည့်ပေးတဲ့ အလုပ်လုပ်နေပါတယ်။ ဒီကနေဒါမှာ အလုပ်လုပ်ရတာက မပင်ပမ်းဘူးဆိုတော့ အဆင်ပြေတယ်။ ကိုယ်ရတဲ့ ၀င်ငွေနဲ့ သုံးရတဲ့ ၀င်ငွေက ကိုက်ညီမှုရှိတယ်လေ။
ရှေ့ရေးမှာ ကျမက ကနေဒါနိုင်ငံသားပဲ ခံယူသွားဖို့ ရှိပါတယ်။ ပြန်တော့ လည်မယ်။ နောက် ဒီမှာ အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်တဲ့ ကရင်တွေကို ပြန်ကူညီတဲ့စိတ်ရှိပါတယ်။ အထူးသဖြင့် ပညာရေးဘက်မှာပါ။ ဥပမာ-ကျောင်းတက်ပြီး ဘော်ဒါ ဆောင်မှာ နေရတဲ့ ကလေးတွေကို ကူညီချင်တယ်။ ကူညီသွားဖို့လည်း ရှိတယ်။ အခုခေတ် ပြည်တွင်း၊ နယ်စပ်နဲ့ ပြည်ပမှာ ကရင်လူငယ်အားလုံးကို ကျမပြောချင်တာက သူများနောက်မှာ မကျန်ခဲ့ဖို့ ပညာကို ကြိုးစားသင်ယူကြပါလို့ ပြောချင်ပါတယ်။

No comments:
Post a Comment