Blogger Widgets

Tuesday, May 1, 2012

မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး အဓိကပြဿနာ (၅) ရပ်

(ယခုဖော်ပြမည့် စာစုမှာ ကမ္ဘာ့ဘဏ်မှာ အာရှဒေသဆိုင်ရာ အကြီးအကဲအဖြစ် တာဝန်ထမ်းခဲ့ဖူးသူ စီးပွားရေး ပညာရှင် Vikram Nehru ၏ မြန်မာ့စီးပွားရေးပြုပြင်ရေးမှာ ရှောင်ရန် ဆောင်ရန် အကြံပြုထားချက်များဖြစ်ပါသည်)
မြန်မာပြည်မှာ အောင်မြင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ၊ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်လည်း တောင်ပြိုကမ်းပြိုအနိုင်ရသွားတဲ့ အကြောင်းတွေက လွန်ခဲ့တဲ့ နှစ်ပတ်က နိုင်ငံတကာသတင်းတွေမှာ ထိုက်ထိုက်တန်တန်ပဲ နေရာယူထားခဲ့ပါတယ်၊ ဘယ်လောက်အထိလဲဆိုရင် မြန်မာ့စီးပွားရေးလောကမှာ တိုးတက်ဖြစ်ထွန်းမှု အသစ်တွေကိုတောင် အဲဒီသတင်းတွေက ဖုံးလွှမ်းသွားခဲ့ပါတယ်၊
တကယ်တော့ စီးပွားရေးပြုပြင်ပြောင်းလဲရေး ကိစ္စကလည်း ရွေးကောက်ပွဲလိုပဲ အရေးကြီးတဲ့ ကိစ္စရပ်ပါပဲ။ မြန်မာပြည်မှာ ရွေးကောက်ပွဲ ရလဒ်တွေ မကြေညာခင် တရက်မှာပဲ အစိုးရက အမေရိကန်တဒေါ်လာကို မြန်မာကျပ်ငွေ (၈၁၈) ကျပ်နှုန်းနဲ့ ငွေလဲနှုန်းစနစ်သစ်ကို ကြေညာခဲ့ပါတယ်၊ အရင်က တရားဝင် ပေါက်ဈေးက တဒေါ်လာကို ၈ ကျက်ခွဲပဲ သတ်မှတ်ထား ခဲ့တာပါ။
အခုလောလောဆယ် စိန်ခေါ်နေတဲ့
ကိစ္စကတော့ တိုင်းပြည်ရဲ့ မက်ခရို စီးပွားရေးနဲ့ နိုင်ငံရေး တည်ငြိမ်မှုကို မထိခိုက်စေဘဲ ပြုပြင်ပြောင်းလဲရေး အရှိန်နဲ့ ဆက်သွားနေဖို့ကိစ္စပါပဲ။
ငွေလဲနှုန်းစနစ်သစ်ရဲ့ သဘောသဘာဝကတော့ ငွေလဲနှုန်းကို အကန့်အသတ်ဘောင် တခုထဲမှာ ထိန်းထားနိုင်ဖို့ ဗဟိုဘဏ်က ကြားဝင်ထိန်းကြောင်းပေးမယ့် “ပဲ့ကိုင်ရင်း မျှော” တနည်းအားဖြင့် “managed float” စနစ်ဖြစ်ပါတယ်။
မြန်မာပြည်မှာ “ပဲ့ကိုင်ရင်းမျှော” ဆိုတဲ့စနစ် အခြေခိုင်ဖို့ ဆိုရင် ဗဟိုဘဏ်ဟာ လွတ်လပ်နေဖို့ လိုအပ်ပါတယ်၊ ဒါမှပဲ နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်ဟာ စီးပွားရေးမှာ မဖောက်ပြန်တဲ့ လက္ခဏာတရပ်အဖြစ် ကပ်ပါလာနိုင်မှာပါ။ အမှန်တကယ် ငွေလဲနှုန်းကိုလည်း စိုက်ပျိုးရေးနဲ့ ထုတ်လုပ်မှု ကဏ္ဍတွေကို အားပေးတဲ့ နှုန်းမျိုး ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။
ငွေလဲနှုန်း ပြုပြင်လိုက်တာဟာ အများက မျှော်လင့်ထားသလို နောက်ထပ် စီးပွားရေးတစုံလုံးကို ပြုပြင်ပြောင်းလဲရာမှာ ပထမဆုံး ပစ်ဖောက်လိုက်တဲ့ အမြောက်သံ ဖြစ်ပါတယ်။ ဒီကနေ ရေရှည် တည်တံ့ပြီး အများစုက ခံစားရတဲ့ ဖွံ့ဖြိုးတိုးတက်လာရေးကို အားပေးဖို့နဲ့ အင်စတီကျူးတွေကို တည်ဆောက်သွားဖို့လည်း ဖြစ်ပါတယ်။
ဒီလို လုပ်ဆောင်တဲ့ နေရာမှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကုလသမဂ ဖွံ့ဖြိုးရေးအစီအစဉ်တို့က အစိုးရကို အကူအညီတွေ ပေးနေပါတယ်။ ဒီလိုပဲ ဂျပန်၊ သြစတြေးလျ၊ ဗြိတိန်၊ နော်ဝေ၊ စတဲ့ နိုင်ငံတွေဆီက အကူအညီအပြင်၊ တခြား ပြင်ပကနေ အကြံဥာဏ်တွေ ပေးနေတာမျိုးလည်း ရှိပါတယ်။
ဒီနေရာမှာ မြန်မာအစိုးရဘက်က မစို့မပို့လောက်ပဲ လုပ်သွားမလား ဆိုတာမျိုးကို မပူမိပါဘူး။ အစိုးရကို အလွန်အကျွံ တွန်းလုပ်ခိုင်းတာမျိုး ဖြစ်လာမှာကိုသာ စိုးရိမ်းတာပါ။ အစိုးရက မလွှဲမရှောင်သာလွန်းတဲ့ အခြေအနေမှာ သိပ်ကို လုပ်ပြချင်နေတာမျိုး၊ ဒီလိုလုပ်ပြမှပဲ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ခပ်မြန်မြန် ရုပ်သိမ်းသွားမယ်၊ ဒါမှမဟုတ် အကြွေးဟောင်းတွေ မြန်မြန်လျှော်ပေးမယ်လို့ ထင်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
အပြောင်းအလဲတွေကို အလျင်စလို တွန်းလုပ်ရင်၊ အပြောင်းအလဲကို ဆန့်ကျင်သူတွေက မတည်ငြိမ်မှုတွေကို ဖန်တီးလာရင်၊ နာရီတွေ နောက်ပြန်လည် သွားပြီး ဆိုးရွားလှတဲ့ နေ့ဟောင်းများဆီကို တကျော့ပြန်ရောက် သွားတတ်ပါတယ်။
ငွေလဲစနစ်မှာ တရားဝင်နှုန်းနဲ့ ဈေးကွက်ပေါက်ဈေးတို့ကို ညှိလိုက်တာ အခြေခံ ကျတဲ့ အပြောင်းအလဲပါပဲ။ ဒါပေမယ့် မြန်မာပြည်မှာ လူများစုကြီးက လူမွဲတွေ ဖြစ်နေတာက တကြောင်း၊ လူမှုဖူလုံရေး ကွန်ယက်တွေ နတ္ထိဖြစ်နေသေးတဲ့ အခြေအနေမျိုးမှာ နောက်ထပ် မူဝါဒ အပြောင်းအလဲတွေနောက်က ဖြစ်ပေါ်လာနိုင်တဲ့ ရုတ်ချည်းအပြောင်းအလဲတွေ (ရှော့ခ်) ကို ပြည်သူတွေ ခံနိုင်ဖို့ မလွယ်ပါဘူး။
ဒါကြောင့် အချိန်တိုအတွင်း ၀င်ငွေလည်းရ၊ ဆင်းရဲမှုလည်း လျှော့ချနိုင်မယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို နောက်ဆက်တွဲအဖြစ် မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်။ ဒါမှပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် လူတွေ အဆင်ပြေလာပါလားဆိုတဲ့ အသိကို တိုးပွားစေပြီး၊ နောက်ထပ် ပြုပြင် ပြောင်းလဲမှုတွေ အတွက်လည်း ထောက်ခံမှုတွေရ လာမှာဖြစ်ပါတယ်။
အစိုးရအနေနဲ့ မလွှဲမရှောင်သာ အကန့်အသတ်တွေ နည်းနိုင်သမျှ နည်းမယ့် ပြုပြင်ပြောင်းလဲမှုတွေကို အာရုံစိုက်သင့်ပါတယ်။ ဒီနေရာမှာ မလွှဲမရှောင်သာ အကန့်အသတ် ၃ မျိုး ရှိနေပါတယ်။ အခြေခံ အဆောက်အအုံတွေ မပြည့်စုံတာကြောင့် ထုတ်လုပ်မှုစရိတ်တွေ မြင့်တက် သွားနိုင်ပါတယ်။ တခြားနိုင်ငံနဲ့ ယှဉ်ပြိုင်တဲ့ အခါမှာ တပမ်းသာတဲ့ အခြေအနေမျိုးကနေ တပမ်းရှုံးရတဲ့ ဘ၀မျိုး (ဥပမာ ဆန်စပါးထုတ်လုပ်မှုမှာ ကြုံရသလိုမျိုး) ဖြစ်သွားတတ်ပါတယ်။
နောက် အကန့်အသတ်က လိုင်စင်တွေ အလွန်အကျွံချပေးတာမျိုးနဲ့ အထိန်းချုပ်လွန် တာတွေကြောင့် ပုဂ္ဂလိက ကဏ္ဍတွေ ပွဲဦးထွက်မှာ မရူနိုင် မကယ်နိုင်ဖြစ်နိုင်သလို၊ အဂတိလိုက်စားမှုတွေကို အားပေးအားမြှောက် ဖြစ်သွားစေနိုင်ပါတယ်။
သွင်းကုန်အခွန်တင်းကျပ်တာနဲ့ ကုန်သွယ်မှုမှာ အကန့်အသတ်နဲ့ စည်းကမ်းတွေ များလွန်းတာကြောင့်လည်း ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေကို ကုန်သွယ်တဲ့နေရာမှာ အဟန့် အတားတွေ ဖြစ်သွားတတ်ပါတယ်။
အခုဆိုခဲ့တဲ့ အကန့်အသတ်တွေဟာ မြန်မာ့စီးပွားရေးပြုပြင်ပြောင်းလဲရာမှာ ဦးစားပေး လုပ်ဆောင်ရမယ့် ကိစ္စသုံးရပ်ဖြစ်ပါတယ်။ ဒီအပြင် စီးပွားရေး ဖွံ့ဖြိုးမှု ရေရှည်တည်တံ့ဖို့နဲ့ အများစုက ရရှိခံစားနိုင်ဖို့ ဆိုရင် နောက်ထပ် လုပ်ဆောင်စရာ ကိစ္စနှစ်ရပ် ကျန်နေပါသေးတယ်။

ဦးစားပေးကိစ္စ (၅) ရပ်
နံပါတ်တစ် ဦးစားပေးကိစ္စက တိုင်းပြည်မှာ အရေးကြီးတဲ့ ရည်မှန်းချက် နှစ်ရပ်ကို ဆောင်ရွက်နိုင်ဖို့ ဘဏ္ဍာရေးအရ ပူပင်ကြောင်ကြကင်းတဲ့ အစိုးရမျိုးဖြစ်ဖို့ပါ၊ ဗဟိုအစိုးရဟာ ဒေသအစိုးရတွေကို ငွေကြေး ထောက်ပံ့နိုင်မယ်၊ စစ်တပ် အဖွဲ့အစည်းတွေကို အဆင်ပြေပြေ၊ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ ထောက်ပံ့နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုထောက်ပံ့နိုင်မှပဲ ဒီအဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက ပြည်သူ့ ဘဏ္ဍာငွေတွေကို ပရမ်းပတာ၊ အထိန်းအကွပ်မဲ့ ရယူဖို့ ကြိုးပမ်းနေတာကို ထိန်းသိမ်းနိုင်ပါ လိမ့်မယ်။
အစိုးရဘက်ဂျက်က ဖူလုံတယ်ဆိုရင် ဖရိုဖရဲနဲ့ အခြေခံ အဆောက်အအုံပိုင်းအတွက်လည်း အရင်းအမြစ်တွေ အားဖြည့်ပေးနိုင်ပါလိမ့်မယ်။ အထူးသဖြင့် ဆိပ်ကမ်းတွေ၊ ကျေးလက်ဒေသက လမ်းပမ်းဆက်သွယ်ရေးကို အဆင်ပြေပြေလုပ်နိုင်မှ ဓာတ်ငွေ့မဟုတ်တဲ့ ထုတ်လုပ်မှုကဏ္ဍတွေ (ဆန်စပါး၊ ပဲမျိုးစုံ၊ လုပ်သားအင်အားသုံး ထုတ်လုပ်မှု ကဏ္ဍတွေ) နဲ့ နိုင်ငံခြားပို့ကုန်တွေအတွက် ပံ့ပိုးပေးရာ ရောက်လိမ့်မယ်။
ကံကောင်းတာက ဓာတ်ငွေ့တင်ပို့မှု တိုးလာတဲ့ အချိန်မှာပဲ ဈေးကွက်အခြေခံ ငွေလဲနှုန်းစနစ်ကို ပြောင်းလဲလိုက်တာကြောင့် ဓာတ်ငွေ့က ရတဲ့ငွေတွေကို မောင်ပိုင်စီးထားတဲ့ အစိုးရပိုင် မြန်မာ့ရေနံနှင့် ဓာတ်ငွေ့ လုပ်ငန်းက အသားတင်ဝင်ငွေတွေ သိသိသာသာတိုးတက်လာလိမ့်မယ်၊ အရေးကြီးတာက အဲ့သလို ဓာတ်ငွေ့က ရတဲ့ငွေကို အစိုးရဘက်ဂျက်ကို လွှဲပေးပြီး လူမှုရေးနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးကိစ္စတွေမှာ (အထူးသဖြင့် တိုင်းရင်းသား ဒေသတွေအတွက်) အသုံးချဖို့ လိုပါတယ်၊
ဒုတိယ အရေးကြီးတာက အစိုးရ၊ စစ်တပ်အသိုင်းအ၀ိုင်းနဲ့ ကင်းတဲ့ ပုဂလိက စီးပွားရေး စွန့်ဦးတီထွင်သူတွေကို လုပ်ကိုင်ခွင့် နေရာပေးဖို့ လိုပါတယ်။ ဘဏ်တွေကိုယ်တိုင်ကလည်း ဒီလို လုပ်ငန်းတွေကို ငွေချေးနိုင်လောက်တဲ့ လွတ်လပ်မှုတွေ ရှိလာဖို့ လိုပါတယ် (အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက်ပါ)။
မြန်မာပြည်ဟာ စီးပွားရေးလုပ်ငန်းတခု စတင်လုပ်ကိုင်နိုင်ဖို့ ကမ္ဘာပေါ်မှာ အကုန်အကျအများဆုံး နိုင်ငံတနိုင်ငံဖြစ်နေပါတယ်။ စီးပွားရေးလုပ်ငန်းဆိုင်ရာ တရားဝင် ဥပဒေတွေကလည်း လုံးဝမရှိသေးတာ၊ သို့မဟုတ်လည်း ရှိရက်နဲ့ မလိုက်နာ ကြတာမျိုး ဖြစ်နေပါတယ်။
လက်ရှိ အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရင်လည်း ပုံမကျပမ်းမကျနဲ့ မှန်းရခက်တဲ့ အခြေမျိုး ဆိုက်နေ ပါတယ်။ ဥပမာအနေနဲ့ လယ်သမားတွေက ကိုယ်စိုက်ချင်တဲ့ သီးနှံကို ရွေးချယ်ခွင့်မရှိတာမျိုး၊ ဆန်းစပါးထုတ်လုပ်မှုမှာ အကန့်အသတ် ဖြစ်နေတာမျိုးတွေပါ။
ဒါတွေကို ပြောင်းလဲလိုက်ဖို့ လိုနေပါပြီ၊ ရင်းနှီးမြှုပ်မှုနဲ့ ထုတ်လုပ်မှုကဏ္ဍမှာ တိုးလာတာနဲ့အတူ လူတွေလည်း ချမ်းသာလာဖို့ ဆိုရင် ပုဂလိက ရင်းနှီးမြှုပ်နှံသူတွေရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို လေးစားဖို့၊ အကာအကွယ်ပေးမှ ဖြစ်နိုင်မယ်ဆိုတာကို အစိုးရကိုယ်တိုင်က အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုဖြစ်လာဖို့ သင့်တော်တဲ့ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ် လုပ်ဆောင်သင့်ပါတယ်။ ဥပမာအနေနဲ့ အတည်မပြုနိုင်သေးတဲ့ မြေယာပိုင်ဆိုင်ခွင့် ဥပဒေသစ်လို ကိစ္စမျိုးတွေပါ။
တတိယ အရေးကြီးတာက အစိုးရအနေနဲ့ သွင်းကုန်၊ ထုတ်ကုန်အပေါ်မှာ အမျိုးမျိုးအထွေထွေ စည်းကမ်းတင်းကျပ် ထားတာတွေကို ဖျက်သိမ်းပစ်ပြီး၊ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကို အားပေးဖို့ လိုပါတယ်။ ဒီလို လွှတ်ပေးလိုက်မှသာ စီးပွားရေးလုပ်ဆောင်ချက်တွေ လည်မြိုညှစ်ခံထားရတဲ့ ဘ၀က လွတ်မြောက်သွားပါလိမ့်မယ်။ ရေနံနဲ့ ဓာတ်ငွေ့မဟုတ်တဲ့ တခြား ထုတ်လုပ်မှုတွေ အရှိန်ရလာပါလိမ့်မယ်။
ငွေလဲလှယ်ရေးစနစ်သစ်ပေါ်လစီ၊ လောက်လောက်လားလား နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေ၊ သက်တောင့်သက်သာ နိုင်ငံခြား အရံငွေ (သွင်းကုန်တန်ဖိုးရဲ့ ၉ လစာ ပမာဏ) တွေ ရှိလာမယ်ဆိုရင် အစိုးရအနေနဲ့ ငွေကြေးတန်ဖိုး အကျပ်အတည်းတွေ့မှာကို စိုးရိမ် ကြောင့်ကြကင်းကင်းနဲ့ ကုန်သွယ်ရေး တံခါးတွေ ကျယ်ကျယ်ဖွင့်လာနိုင်ပါလိမ့်မယ်။
စတုတ္ထ ဦးစားပေးကိစ္စကတော့ မြန်မာ့သံယံဇာတ၊ အထူးသဖြင့် သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ်၊ ကျွန်းသစ်၊ ကျောက်မျက်ထုတ်လုပ်မှုကဏ္ဍတွေမှာ အခြေအနေတွေ တိုးတက်ကောင်းမွန်လာဖို့ပါ၊ တချိန်တည်းမှာ မက်ခရို စီးပွားရေးအပေါ် အန္တရာယ်ကျရောက်စေတဲ့ အဖြစ်မျိုး၊ ဒေသရဲ့ သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုရေး ပြသနာတွေကို ထိခိုက်စေတာမျိုး မဖြစ် ဖို့လိုအပ်တယ်။
သဘာဝ သံယံဇာတတွေကို အကိုင်တွယ်မတတ်ရင် ကျိန်းစာတခုဖြစ်သွားတတ်ပါတယ်။ နည်းလမ်း လမ်းမှန်နဲ့ စီမံနိုင်ရင်တော့ ဆုလာဘ်တပါးဆိုတာကတော့ သေချာပါတယ်။ Hartwick’s rule ဆိုတဲ့ အယူအဆကတော့ ကုန်ခမ်းသွားနိုင်တဲ့ သဘာဝအရင်းအမြစ်တွေကို ငှားရမ်းသုံးစွဲ (ထုတ်ယူသုံးစွဲ) မယ်ဆိုရင် နောင်တချိန်မှာ ပြန်လည်ထုတ်ယူနိုင်စွမ်းရှိတဲ့ ကဏ္ဍတွေမှာ ပြည်လည် ရင်းနှီးမြှုပ်နှံထားသင့်တယ်လို့ ဆိုပါတယ်၊ မြန်မာပြည်အနေနဲ့ ဒီဥပဒေသကို သေသေချာချာ လိုက်နာဖို့ လိုအပ်ပါတယ်။
ဒီအချက်ဟာ မြန်မာပြည်လိုမျိုး သဘာဝသံယံဇာတတွေ အမြောက်အမြားကို တိုင်းရင်းသား ဒေသတွေမှာ တွေ့ရှိနေတဲ့ နိုင်ငံ၊ တိုင်းရင်းသားတွေက ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးဖို့ ဗဟိုအစိုးရဆီကနေ ဆယ်စုနှစ်တွေချီပြီး တောင်းဆိုနေတဲ့ နိုင်ငံမျိုးအတွက် ပိုလို့တောင် အရေးကြီးပါတယ်။
လုံလောက်တဲ့ အစီအမံတွေ အကာအကွယ်တွေ မရှိဘူးဆိုရင် တိုင်းရင်းသားတွေရဲ့အမြင်မှာ သူတို့ ဒေသက သဘာဝ သံယံဇာတတွေဟာ ဒေသရေရှည် ဖွံ့ဖြိုးရေးအတွက် မဖြစ်စလောက်လေးနဲ့ အလျင်အမြန် ပြောင်တလင်းခါကုန်ပါလားလို့ မြင်လာနိုင်ပါတယ်။
ဒီလိုမဖြစ်ဖို့ နည်းလမ်းကတော့ သဘာဝသံယံဇာတွေဆီကနေ ရတဲ့ ငွေတွေကို အပြစ်ပြောစရာမရှိတဲ့ စီမံအုပ်ချုပ်မှု၊ ရှင်းလင်းတဲ့ စည်းကမ်းတွေနဲ့ ပွင့်လင်းမြင်သာတဲ့ နိုင်ငံတော် ရန်ပုံငွေတရပ် ထူထောင်ထား ရှိဖို့ပါပဲ။ အဲဒီ ရန်ပုံငွေက ရေရှည်အမြတ်အစွန်းတွေကို တိုင်းရင်းသား ဒေသတွေ အပါအ၀င် ပြည်သူလူထုအတွက် ရေရှည်ဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။
ဒီကိစ္စဟာ မြန်မာပြည်အတွက် အခုနေအခါမျိုးမှာ ဘယ်လိုမှ မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်၊ ဒါပေမယ့် ဒီလိုရည်မှန်းချက်ဆီကို ဦးတည်လုပ်ဆောင်ချက်မျိုးကတော့ ချက်ချင်းလက်ငင်းပဲ စတင်ထားဖို့ လိုအပ်ပါတယ်၊
ပဉ္စမနဲ့ နောက်ဆုံးအချက်ကတော့ အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးစရာရှိတဲ့ ကြွေးဟောင်းတွေကို လျှော်ပစ်နိုင်ဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ လက်တွဲလုပ်ဆောင်ဖို့ပါပဲ။ ဒါမှသာ မြန်မာပြည်အနေနဲ့ ဒီလို ငွေကြေး အဖွဲ့အစည်းတွေဆီကနေ လက်လွှတ်ထားရတဲ့ အရင်းအမြစ်တွေကို ပြန်ရလာ နိုင်ပါတယ်၊ (ဘဏ်နှစ်ဘဏ်စလုံးက ကြွေးဟောင်းပြန်မဆပ်ဘဲ ကြွေးသစ် ချပေးတဲ့ အစဉ်အလာမရှိပါဘူး)။
မြန်မာပြည်က နိုင်ငံခြား ကြွေးမြီက အမေရိကန်ဒေါ်လာ ၅ဒသမ၅ ဘီလီယံ ရှိပါတယ်၊ ဒီထဲမှာ နိုင်ငံချင်းအလိုက်ဆိုရင် ဂျပန်ဆီက အကြွေးက (၄ ဘီလီယံ) နဲ့ အများဆုံးဖြစ်နေပါတယ်။ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေက ဆိုရင် အာရှဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘာဘဏ်တို့ကို ပေးရမယ့် အကြွေးက အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိပါတယ်၊ အစိုးရအနေနဲ့ ဒီအကြွေးတွေကို ပြန်မဆပ်နိုင်ဘူး ဆိုတာကတော့ ရှင်းပါတယ်။ (တိုင်းပြည်ရဲ့ နိုင်ငံခြားအရံငွေက ၆ ဘီလီယံပဲ ရှိပါတယ်)
ဒါကြောင့် အလှူရှင် တနိုင်ငံချင်းအလိုက် အကြွေးကိစ္စကို ရှင်းပေးချင်တဲ့ စိတ်စေတနာပေါ်လာအောင် နှစ်ကိုယ်ကြားစည်းရုံးဖို့ပဲရှိ ပါတယ်။

နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ သံဓိဌာန်
ဦးစားပေးကိစ္စ ငါးရပ်ဆိုပြီး အကျဉ်းချုပ်ခဲ့ပေမယ့် လက်တွေ့ ပြုပြင်ပြောင်းလဲရေးမှာ စိန်ခေါ်မှုတွေက ခြောက်ခြားစရာအတိနဲ့ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် လိုအပ်တဲ့ အပြောင်းအလဲတွေကို မဖြစ်မနေ လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်ရှိရင် အရှိန်အဟုန် ရလာပါလိ့မ်မယ်။ ဖြစ်ပေါ် တိုးတက်မှုတွေ အပေါ်မှာ အစိုးရကိုယ်တိုင်နဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ကျွဲမြီးမတိုသင့်ပါဘူး။ အပြောင်းအလဲတွေဟာ ဖြည်းဖြည်း မှန်မှန်၊ နှိုင်းနှိုင်းချိန်ချိန်၊ တိုင်းပြည်ရဲ့ လုပ်နိုင်ကိုင်စွမ်းနဲ့ သင့်တင်လျှောက်ပတ်တာမျိုးပဲ ဖြစ်ဖို့ လိုပါတယ်၊
အစိုးရနဲ့ အတူတူလုပ်ကိုင်နေတဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း စိတ်တွေကို ဆွဲဆန့်ထားဖို့ လိုပါတယ်၊ အကြံဥာဏ်တွေ၊ အရင်းအမြစ်တွေကို ဖြည့်ဆည်းပေးရင် အတူတူတွဲလုပ်သွားဖို့ လိုပါတယ်၊ ဒီနေရာမှာ တိုင်းပြည်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်တာမျိုးလည်းမဟုတ်၊ ပတ်ချာလည်ကနေ ၀ိုင်းကြီးပတ်ပတ်လုပ်နေတာမျိုး မဖြစ်ဖို့ လိုပါတယ်၊ တချိန်တည်းမှာ သူတို့ကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးလည်း မဖြစ်ဖို့ လိုပါတယ်၊
အဆင်မပြေမှုတွေ မလွဲမရှောင်သာ တွေ့လာတဲ့အခါမှာ နိုင်ငံတကာ အသိုင်းအ၀ိုင်းက အချိန်ယူဖြေရှင်းတာမျိုးပဲ ဖြစ်သင့်ပါတယ်၊ မြန်မာပြည်ရဲ့ မဟာဗျူဟာ ကျတဲ့ တည်နေရာမျိုး၊ သဘာဝသံယံဇာတတွေ ကြွယ်ဝပုံမျိုးဟာ တခြား နိုင်ငံအနည်းငယ်လောက်မှာပဲ ရှိနိုင်တဲ့ အားသာချက်တွေပါ။
ဒီလို ထူးခြားတဲ့ ရှိနေပြီးသား အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချမယ်ဆိုရင် ရေရှည် တည်တံ့ပြီး၊ အားလုံး ခံစားစံစားနိုင်တဲ့ စီးပွားရေးဖွံ့ဖြိုးမှု ရေခံမြေခံတွေကို တည်ဆောက်နိုင်မယ်ဆိုတာကတော့ အသေအချာပါပဲ။
နေသွင်
 ရည်ညွန်း၊ ၊ Myanmar’s Five Economic Priorities by Vikram Nehru

No comments:

Post a Comment