တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်သော ငြိမ်းချမ်းရေးကို သမ္မတကြီးဖြစ်မြောက်အောင်ဆောင်ရွက်ပေးပါ
အတိတ်ကာလမှ လိမ်လည် လှည့်စားတတ်သာ အစိုးရနှင့် ရိုးသားသော တိုင်းရင်းသားပြည်သူများ
ကျနော်တို့ (၈၈၈၈ )မျိုးဆက်များသည် ဆိုရှယ်လစ် စနစ်အောက်တွင် မွေးဖွားကြီးပြင်းခဲ့သဖြင့် စနစ်၏ ဆိုးဝါးသောအတွေ့အကြုံများနှင့် မှားယွင်းသောစနစ်ကို နဖူးတွေ့ ဒူးတွေ့ရင်ဆိုင်ခဲ့ရသည် ။ တိုင်းပြည်၏ စီမံကိန်းကြီးများသည် သတင်းစာ မီဒီယာများတွင် ခေါင်းစည်း စာလုံးမဲကြီးများဖြင့် အောင်မြင်မှုအပေါင်း သရဖူဆောင်းနေသည်ကို နေ့စဉ်မြင်တွေ့ရပေမဲ့ တကယ့်လက်တွေ့တွင်မူ ဆုံးရှုံးမှုများမှ ရုန်းမထွက်နိုင်ပဲ တနေ့တခြား ပြည်သူ့ဘ၀များ လုံးပါးပါးနေခဲ့ရသည် ။ ယခုလို ကရင်အမျိုးသား အစည်းအရုံးနှင့် အပစ်အခတ်ရပ်စဲကာ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မည့် အခါသမယတွင် ကရင် တိုင်းရင်းသားဒေသများ၌ ကျနော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အကြောင်းအရာတစ်ခုကို ပြန်လည်မျှဝေခံစားရင်း ဖောက်သည် ချချင်ပါသည် ။
တိုင်းရင်းသား လုပ်သားပြည်သူများကို သွေးခွဲအုပ်ချုပ်ခြင်း
မြန်မာပြည်တွင် ကျေးလက်နေ တိုင်းရင်းသား လုပ်သားပြည်သူများသည် တိုင်းပြည်၏ ၆၀% မှ ၇၀%အကြား ရှိသည်ဟု ၁၉၈၀ ၀န်းကျင်စစ်တမ်းများအရသိရပါသည် ။အများအားဖြင့် ကျေးလက်ပြည်သူတို့သည် လယ်ယာကိုင်းကျွန်းကို လုပ်ကိုင်၍ အသက်မွေးဝမ်းကြောင်းပြုကြသည် ။သို့သော် ၁၉၈၀ ၀န်းကျင်တွင် ကျနော် ရောက်ရှိနေထိုင်သော မွန်ပြည်နယ် ကျိုက်မရောမြို့တွင်မူ ထိုင်းမြန်မာနယ်စပ် မှောင်ခိုလုပ်ငန်းခေတ်စားနေချိန်ဖြစ်သဖြင့် ကျေးလက်နေပြည်သူများသည် လယ်ယာလုပ်ငန်းအပြင် မှောင်ခိုလုပ်ငန်းကိုလည်း အသက်မွေးဝမ်းကြောင်းအတွက် လုပ်ကိုင်နေချိန်ဖြစ်သည် ။ကျနော့် အဖေသည် လ၀က မြို့နယ်မှူးတာဝန်ဖြင့် ကျိုက်မရောမြို့သို့တာဝန်ကျ၍ ထိုမြို့သို့ပြောင်းရွေ့နေထိုင်ဖို့ အကြောင်းဖန်လာပြီး ကရင်တိုင်းရင်းသား မွန်တိုင်းရင်းသားများဖြင့် အသိအကျွမ်းဖြစ်ခွင့်ကြုံပြီး သူတို့၏ဘ၀ကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါသည် ။
ထိုအချိန်က ကျိုက်မရောမြို့နယ်၏ပါတီ ကောင်စီလူကြီးများသည် ကရင်တိုင်းရင်းသား ၊ မွန်တိုင်းရင်းသားများဖြစ်သော်လည်း အခွင့်ထူးခံလူတန်းစားအသွင်ကိုဆောင်နေပေသည် ။သူတို့သည် တရားမ၀င် မှောင်ခိုလုပ်ငန်းများအား ဖမ်းဆီး ပိုင်ခွင့်မှရရှိသော ငွေကြေးများဖြင့် ချမ်းသာကြွယ်ဝသည်သာမက ကြီးမားသော ရာဘာ ၊ ဒူးရင်း ၊ ကြက်မောက်သီးခြံကြီးများအပြင် မော်လမြိုင် ကျိုက်မရောပြေးဆွဲသော တိုယိုတာ ဟိုင်းလက်ကားများကို ပိုင်ဆိုင်ကြသည် ။အိုးပိုင် အိမ်ပိုင်အမြောက်အမြား ပိုင်ဆိုင်ပြီး သူတို့၏ဆွေမျိုးသားချင်းများသည် ၄င်းတို့နှင့်အတူနေထိုင်ပြီး ဆိုရှယ်လစ်စနစ်ကို အပြည့်အ၀ ထောက်ခံနေချိန်လည်းဖြစ်သည် ။ ပါတီကောင်စီလူကြီးများသည် ညနေခင်းတွင်း အရက်တမြမြဖြင့် ဂေါက်ရိုက်ကစားပြီး သူတို့၏သားသမီးများမွေးနေ့တွင် ရန်ကုန်မှ နာမည်ကြီးအဆိုတော်များအား ငှားရမ်းနိုင်သည်အထိ ငွေကို ရေလိုသုံးနိုင်ကြပေသည် ။
ကျနော်နေထိုင်သောလမ်းသည် ပါတီ ကောင်စီ လူကြီးများနေထိုင်သောလမ်းဖြစ်သည့်အပြင် သူတို့၏သားသမီးများသည် ကျနော်၏ ကျောင်းနေဖက်သူငယ်ချင်းများဖြစ်သဖြင့် ၄င်းတို့အကြောင်းကို ကောင်းကောင်းသိနေပါသည် ။ ထိုအချိန်က ပြည်တွင်းစစ်ဖြစ်နေသောကာလဖြစ်သဖြင့် ကျနော်တို့လမ်းတွင် လက်နက်ကိုင်ပြည်သူ့စစ်များ ညစဉ်ကင်းစောင့်ကြရသည် ။ ၄င်းပြည်သူ့စစ်များသည် ပင် တိုင်းရင်းသား ကရင် ၊ မွန်များဖြစ်သဖြင့် အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ မြို့ပေါ်ကို လာရောက်တိုက်ခိုက်ပါက တိုင်းရင်းသားအချင်းချင်းတိုက်ပွဲများဖြစ်ကာ ကျနော်စိတ်ထဲတွင် အိမ်ကြက်ချင်း အိုးမဲသုတ် ခွပ်ခိုင်းသလိုဖြစ်ခဲ့ရသည် ။ယခုလို KNU ထဲမှ DKBA ကိုခွဲထုတ်ပြီး ကရင်တိုင်းရင်းသားအချင်းချင်းရန်တိုက်ပေးမှုကို ယခင်ထဲက ကျင့်သုံးခဲ့ကြောင်းအခုမှ ကောင်းကောင်းနားလည် သဘောပေါက်နေမိသည် ။ ဆိုလိုသည်မှာ အစိုးရသည် စစ်မှန်သောငြိမ်းချမ်းရေးကို တည်ဆောက်မှုပျက်ကွက်ခဲ့ပြီး တိုင်းရင်းသားချင်းကို သွေးခွဲအုပ်ချုပ်ခဲ့သည်မှာ ထင်ရှားသည် ။
ယင်းအချိန်က မည်သူတဦးတယောက်မျှ ပါတိကောင်စီကို မစော်ကားရဲသည့်ခေတ် ဖြစ်သဖြင့် အားလုံးသော အဖြစ်အပျက်များသည်ပင် ဖြစ်ရိုးဖြစ်စဉ်လို သဘောထားကာ ပြည်သူများသည် ကိုယ့်ဘ၀ကိုယ် စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေခဲ့ကြရသည် ။
၁၉၈၀ ၀န်းကျင်တွင် မွန်ပြည်နယ် စာတတ်မြောက်ရေး အသုံးလုံးလှုပ်ရှားမှု၌ တက်တက်ကြွကြွပါဝင်လှုပ်ရှားခဲ့သော အချိန်မှသာ တိုင်းရင်းသားလူထု ဘ၀မှန်ကို နားလည်ခွင့်ရခဲ့ပေသည် ။ကျနော်တို့ အသုံးလုံးတာဝန်ကျသော ကဒါကျေးရွာသည် မွန်ပြည်နယ် ကျိုက်မရော မြို့နယ်တွင်ပါဝင်သော်လည်း မွန်ပြည်နယ် မုဒုံနှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးကြားတွင် တည်ရှိပြီး ကရင်တိုင်းရင်းသားများအများစုနေထိုင်ကြသည် ။ ထိုကျေးရွာသည် ကျနော့် အထက်တန်းကျောင်းမှ သူငယ်ချင်း စောတင်ဦးနေထိုင်ရာ ရွာအနီးတွင်ပင်ရှိပါသည် ။ အသုံးလုံး လုပ်အားပေးသို့သွားရာတွင် ကျနော်နှင့်အတူ အဲဒီအချိန်က ပါတီယူနစ် ဥက္ကဌသား နေစိုးလည်းပါသည် ။ သူသည် ချမ်းသာသော်လည်း စိတ်ကြီးမ၀င် သဘောကောင်းပြီး လူထုဘ၀ကိုနားလည်သူဖြစ်၍ ပေါင်းလို့သင်းလို့အဆင်ပြေသော သူငယ်ချင်း တစ်ယောက်ဖြစ်ပါသည် ။ ကျနော်သည် ထိုနွေရာသီ အချိန်က ( ၁၀ ) တန်းအောင်ပြီး မော်လမြိုင် ဒီဂရီကောလိပ် ( မော်လမြိုင်တက္ကသိုလ် )ကိုတက်ရောက်ရန်စောင့်ဆိုင်းနေသောကာလဖြစ်၍လည်း ယခုလို အသုံးလုံးလုပ်အားပေးအား ပါဝင်ဆင်နွှဲနိုင်ခြင်းလည်းဖြစ်ပါသည် ။
ကျနော်တို့သည် ကျေးရွာရှိစာဖတ်ဝိုင်းများတွင် အလှည့်ကျ စာသင်ရသလို ကျေးရွာရှိရွာသူရွာသားများအိမ်တွင် အလှည့်ကျ ထမင်းစားခဲ့ရပါသည် ။ထိုအခါတွင် တိုင်းရင်းသား လူထုဘ၀ကို မျက်ဝါးထင်ထင်တွေ့မြင်ရပြီး ထမင်းပင်မြိုမကျနိုင်လောက်အောင်အဖြစ်နှင့်ပင် ကြုံတွေ့ခဲ့ရသည် ။ တနေ့တွင် ကျေးရွာမှ အလှည့်ကျ ထမင်းဖိတ်ကျွေးရမည့် တဲသာသာအိမ်ကို ကျနော်တို့အသုံးလုံးဆရာ နှစ်ယောက် စာသင်ပြီး ထမင်းစားရန်ရောက်ခဲ့သည် ။ ထိုထမင်းစားရန်သွားရမည့်အိမ်မှာ ကျနော်တို့စာသင်သားထဲမှတစ်ယောက်၏ အိမ် ဖြစ်ပြီး ထိုစာသင်သား၏ နာမည်တော့ ယခုအချိန် ခပ်မေ့မေ့ဖြစ်နေသည် ။ သူသည် ရိုးသား ကြိုစားသော်လည်း အလုပ်အကိုင် မည်မည်ရရမရှိသည့် အပြင် ကြုံရင်ကြုံသလို ကျဘမ်းအလုပ်ကို လုပ်ကိုင်နေသူလည်းဖြစ်သည် ။ မှောင်ခိုထမ်းပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်သော်လည်း အဖမ်းအဆီးကြမ်းသဖြင့် အရင်းပြုတ်သွားသည်ဟု ဆိုသည် ။ လယ်ယာ လုပ်ကိုင်ဖို့ရန်လည်း ကိုယ်ပိုင်လယ်မရှိသည့်အပြင် တရွာလုံးကလည်း စီးပွားရေးအဆင်မပြေသဖြင့် လက်လုပ်လက်စား ကျဘမ်းအလုပ်ပင် ရှိတစ်ချက် မရှိတစ်ချက်ဖြစ်နေသည်ဟုဆိုသည် ။ တခါခါ စစ်တပ်မှ ပေါ်တာအဖြစ် ဖမ်းဆီးမှာကို စိုးရိမ်ရသလို ဟိုကြေး ဒီကြေး အကြောင်းပြချက်အမျိုးမျိုးဖြင့် အစိုးရကော သူပုန်ကိုပါ ကြောက်နေရသည်ဟုဆိုသည် ။ဒါတောင်သူတို့က တော်သေးပြီး တချို့ကျေးရွာများတွင် ပြည်တွင်းစစ်ကြောင့် တရွာလုံး ရွာကိုပစ်ပြီး ထွက်ပြေးနေကြရသည်များရှိသည်ဟုဆိုသည် ။ သူ၏တဲအိမ်ပေါ်တွင် သူ၏ဘ၀ အကြောင်းကို ရိုးရိုးသားသား စိတ်ရှည်လက်ရှည် ပြောပြနေခိုက် နှပ်ချေးတွဲလောင်းနှင့် ထမင်းဆာ၍ ငိုနေသောကလေးအသံကို ကြားရမှ စကားပြတ်သွားပြီး ကလေးကို ကရင်လိုပြောလိုက်သောအခါ ကလေးလည်းအငိုတိတ်သွားခဲ့သည် ။
ကျေးရွာပါတီ ကောင်စီက စီစဉ်ပေး၍သာ ကျနော်တို့ကလည်း အလိုက်မသိပဲ ထမင်းလာစားမိသည်မှာ မှားပြီဟုသိလိုက်သည် ။ ကလေးအမေလည်း အသုံးလုံး စာသွားသင်နေ၍ အိမ်မှာမရှိသလို ယခုဆရာတို့ ကိုချက်ကျွေးဖို့ အိမ်မှာ ဘာမှမရှိဘူးဟု သူက ရိုးရိုးသားသား ဆိုလေသည် ။ ဒါပေမဲ့ ဆရာရယ် ဆရာတို့ကို လေးစားတဲ့အနေ နဲ့တခုခုချက်စားဖို့စီစဉ်ပါ့မယ် ဆိုပြီး ၊ ငါးမျှားတန်ကိုကောက်ကိုင်ရင်း ချောင်းမှာ ငါးသွားမျှားလို့ ငါးရလာရင်ချက်စားကြရအောင်ဟုဆိုလေသည် ။ ကျနော်တို့အသုံးလုံးဆရာ နှစ်ယောက်လည်း သူ၏ခေါ်ဆောင်ရာချောင်းရေစပ်မှာ အတူတူ ငါးမျှားရင်း ရလာသည့်ငါးဖြင့် ညစာကို ဖြစ်သလိုဖြေရှင်းခဲ့ပေသည် ။ ထမင်းစားဝိုင်းတွင် ထိုရွာသားပြောလိုက်သော စကားကြောင့် ကျနော်မှာ ငါးအရိုးနင်မလိုပင် ဖြစ်သွားခဲ့သည် ။ ဆရာရယ် ဒီ အသုံးလုံးစာတတ်တော့ကော ဘာထူးပြီး ဘယ်သူက အလုပ်ပေးမှာလည်းဆရာတဲ့......။ မြို့နယ်နှင့်ကျေးရွာ လူကြီးများကလည်း အထက်မှပြောသမျှ တလွဲတွေလုပ်နေသောခေတ်မှာ အခုလိုတလွဲဖြစ်နေခြင်းကပင် မဆန်းတော့သလိုဖြစ်သည် ။
ကျနော်တို့က ညတွင် သူကြီးအိမ်၌ အိပ်ပြီး တခြားအသုံးလုံးဆရာများသည် ကျေးရွာရှိ စာသင်ကျောင်းတွင် အိပ်ကြရသည် ။ တညတွင် ရွာကို သူပုန်ဝင်မည်ဟုကြားသိရသဖြင့် ပါတီဥက္ကဌသားနှင့် လ၀က မြို့နယ်မှုးသားတွေကို စိုးရိမ်သည်ဟု ရွာလူကြီးကပြောသည် ။
ကျနော်တို့ကို တခြားလုံခြုံရာတွင် တညလုံး ၀ှက်ထားကြသည်။ကျေးလက်လူထု ဘ၀သည် စားဝတ်နေရေးမပြေလည်သည့်အပြင် မငြိမ်းချမ်းသော ဘ၀ကို နေ့စဉ်ဖြတ်သန်းနေရသည် ။နောက်ဆုံးတွင် အသုံးလုံးသင်တန်းများပြီးဆုံးပြီး စီမံကိန်း သတ်မှတ်ထားချက်များ အောင်မြင်မှုစစ်ဆေးရန် ပြည်နယ်မှ တာဝန်ရှိသူများလာမည်ဖြစ်ရာ စာဖတ်ဝိုင်းများသည် အသုံးလုံးသင်တန်းမတက်ပဲ နဂိုကတည်းက စာဖတ်တတ်သူများကို စာဖတ်ဝိုင်းသို့ဖိတ်ခေါ်လေတော့သည် ။
ကဲ ပြည်နယ်မကလို့ ဘယ်ဝန်ကြီးပဲလာလာ စာသင်ဝိုင်းများကို စစ်ဆေးရာ စာမတတ်သူတွေ စာတတ်သွားပြီဟု ထင်မှတ်ကြလေသည် ။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြီးရဲ့ စာရွက်ပေါ်က စီမံကိန်းတွေဟာ လူထုဘ၀နဲ့ ဘယ်လောက်ကွာဟနေခဲ့သည်ကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်ပါစေ..။လူထုနှင့်ကင်းကွာသော လက်ညှီုးထောင်ခေါင်းညိတ် ရေပေါ်ဆီ လက်တဆုပ်စာ ပြည်တွင်းရှိ တိုင်းရင်းသားခေါင်းဆောင်များကို ပုလင်းတူ ဘူးစို့ စည်းရုံးသိမ်းသွင်းပြီး ပြည်တွင်းတိုင်းရင်းသားခေါင်းဆောင်များဖြင့် တိုင်းရင်းသားလူထုကို ဖိနှိပ်ခဲ့သော အတိတ်စနစ်ဆိုးကို ပြန်လည်အသက်မသွင်းရန်လည်း အထူးသတိထားရပေမည် ။
ယခင် အစိုးရအဆက်ဆက်သည် အကျင့်ပျက် ခြစားမှုများနှင့် ပြည့်နှက်နေပြီး ကိုယ်ကျိုးစီးပွားကို သာ အာရုံစိုက်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ၏ဘ၀ တိုးတက်ငြိမ်းချမ်းရေးကို လျစ်လျူရှုထားခဲ့သည်မှာ အထူးစိတ်မကောင်းဖွယ်မြင်တွေ့ရသည် ။
တိုင်းရင်းသားတွေ လိုလားတဲ့ စစ်မှန်သော ငြိမ်းချမ်းရေးကို သမ္မတကြီးဖြစ်မြောက်အောင်ဆောင်ရွက်ပေးပါ
တိုင်းပြည်၏ သာယာလှပတဲ့ တောတောင်ရေမြေသဘာဝနဲ့ဆန့်ကျင်ဘက် အရုပ်ဆိုး အကျည်းတန်လှသော သေနတ်သံများ ဆူညံနေခဲ့သည်မှာ နှစ်ပေါင်း ( ၆၀ ) ကျော်ကြာမြင့်ခဲ့ပါသည်။ တိုင်းရင်းသားလူမျိုးများ အပါအ၀င် မြန်မာပြည်သူပြည်သားများ လိုလားတောင့်တနေသည့် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေးသည် အဘယ်ကြောင့် ကြာမြင့်စွာ ပျောက်ဆုံးခဲ့ရသနည်း ။ သမိုင်းကြောင်းတလျှောက်လုံးတွင် ပါဝင်ပတ်သက်ခဲ့ကြသော စစ်ခေါင်းဆောင်များ၌ တာဝန်ရှိသည်မှာ ထင်ရှားပါသည် ။
အတိတ်ကာလမှ ခေါင်းဆောင်များသည် အာဏာကို တရားသေဆုပ်ကိုင်ပြီး ပြုပြင်ပြောင်းလဲရေးအစား တဖက်နှင့်တဖက် အမြစ်ပြတ်ချေမှုန်းရေးအား ဦးစားပေးဆောင်ရွက်ခဲ့လေသည်လား ၊ ဒါမှမဟုတ် အောက်ခြေလူထု၏ ဆန္ဒကို လျစ်လျူရှုပြီး စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးအစား ရေရှည်ပြည်တွင်းစစ်ကို အသက်သွင်းခဲ့လေသလား ၊ သေချာတာတစ်ခုကတော့ အတိတ်စစ်အာဏာရှင်စနစ်၏ ဆိုးမွေများကို တိုင်းရင်းသားပြည်သူတရပ်လုံးနှင့် တတိုင်းပြည်လုံး ခါးစည်း ခံခဲ့ရသည်မှာ အထင်အရှားဖြစ်ပေသည် ။ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်ရန်အတွက် ရေရှည်ပြည်တွင်းစစ်အား ဖန်တီးနေခြင်းကို ရပ်တန်းကရပ်သင့်ပေသည် ။
ယခင် အတိတ်ဟောင်း၏ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းသည်လည်း မြန်မာ့နိုင်ငံရေးနှင့် တနည်းမဟုတ်တနည်း ဆက်နွယ်ပါတ်သက်နေမှုကပင် ငြိမ်းချမ်းရေးထက် စစ်တလင်းကို ဖန်တီးခဲ့လေသလားဟု ယုံမှားသံသယဖြစ်ရသည်။ယခုခေတ်ပြောင်း ၊ စနစ်ပြောင်းဖို့ အကြောင်းဖန်လာသည်မှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲမှုမှသည် ဘာလင်တံတိုင်းပြိုလဲမှုအဆုံး စစ်အေးခေတ်နောက်ပိုင်းတွင် ကမ္ဘာကြီးသည် ၀ါဒရေးရေးအားပြိုင်မှုများ မသိမသာ လျှော့ကျလာခဲ့ပေသည် ။ တချိန်တည်းမှာပင် မြန်မာ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကို လိုလားလာခြင်းကလည်း သမိုင်းသစ်မှာ ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်နိုင်ခဲ့ပါသည် ။ ယခုလို ကရင်အမျိုးသား အစည်းအရုံးအပါအ၀င် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲပြီး စစ်မှန်သောငြိမ်းချမ်းရေးကို
စားပွဲဝိုင်းမှာ နိုင်ငံရေးနည်းဖြင့်အဖြေရှာမှုကိုကြိုဆိုပါသည် ။
တိုင်းရင်းသားလူမျိုးများနှင့် အစိုးရကြားတွင် စစ်မှန်သောပြည်တွင်းငြိမ်းချမ်းရေးကို လိုလားသော ဒီမိုကရေစီလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရှိနေခြင်းသည် ငြိမ်းချမ်းရေးပေါင်းကူးတံတားကို နည်းမျိုးစုံနှင့်ဖြစ်ပေါ်စေနိုင်ခြင်းကပင် တိုင်းပြည်နှင့်လူမျိုးအတွက် လက်လွတ်မခံသင့်သော မဟာအခွင့်အရေးကြီးတရပ်ဖြစ်နေပေသည် ။
အနာဂတ်ကာလတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်တွင်းနိုင်ငံရေးတွင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းကို အစိုးရနှင့်အတူ လုပ်ငန်းစဉ်တရပ်ချမှတ်ပြီး ယခုလိုလက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများနှင့် မကြာခဏတွေ့ဆုံဆွေးနွေးကာ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်ကြရင်ဖြင့် တိုင်းရင်းသားများလိုလားသော စစ်မှန်သောငြိမ်းချမ်းရေးမှာ သိပ်မဝေးတော့ပါဟု ယုံကြည်ခံစားနေမိပါသည် ။
အောင်ခိုင်မြင့်
၈ ဧပြီ ၂၀၁၂
No comments:
Post a Comment