Blogger Widgets

Monday, April 30, 2012

ဖတ် သင့် သော ဆောင်း ပါး တ ပုဒ်

မြန်မာပြည်မှာ ၁၁ ရက် (တတိယပိုင်း)


ကျနော်တို့ ထိုင်းမြန်မာ နယ်စပ်ကလာတဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ အဖွဲ့ဝင်တွေဟာ ရန်ကုန်မှာ နောက်ထပ် နှစ်ရက် အချိန်ဖြုန်းခဲ့ရပါတယ်။
အဲဒီ နှစ်ရက်အတွင်းမှာ မြန်မာ့နိုင်ငံရေးမှာ အထင်ကရ ပုဂ္ဂိုလ် တဦးဖြစ်တဲ့ ဦးအေးသာအောင်နဲ့ ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်တို့ရဲ့ ဆွေးနွေးမှုက အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တယ်ဆိုရင် လက်ရှိအစိုးရအနေနဲ့ Nationwide cease-fire နိုင်ငံတ၀ှမ်း အပစ်အခတ်ရပ်စဲရေးကို ကြေငြာရမယ်လို့ သူရဲ့ အမြင်ကို တင်ပြသွားပါတယ်။
“နိုင်ငံရေးအရ မဖြေရှင်းဘူးဆိုရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဘယ်တော့မှ မဖြစ်နိုင်ဘူး” လို့ တင်ပြဆွေးနွေးပါတယ်။ ဒီနေရာမှာ ဦးအေးသာအောင်နဲ့ KIO ခေါင်းဆောင်တို့ရဲ့ အမြင်တွေ တူညီတာကို တွေ့ရပါတယ်။
ကချင်ခေါင်းဆောင်တွေ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ အချက်နှစ်ချက်ကိုပဲ တောင်းဆိုပါတယ်။ (၁) နယ်ကျွန်နေတဲ့ မြန်မာအစိုးရ စစ်တပ်တွေကို ဆုတ်ခွာပေးဖို့၊ (၂) အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ်မှာ နိုင်ငံတကာ အဖွဲ့အစည်းကြီးက သက်သေအဖြစ် ပါရမယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ နောက်ပြီး အပစ်အခတ် ရပ်စဲပြီးတာနဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေကို ဆက်တိုက်--
လုပ်ရမယ်ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။ KIO ကချင်ခေါင်းဆောင်တွေပြောတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုတာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြောတာဖြစ်ပါတယ်။
ဦးအေးသာအောင်ရဲ့ အမြင်ကို ကျနော်အင်မတန်မှ နှစ်ခြိုက်မိပါတယ်။ “စစ်မှန်တဲ့ ဖက်ဒရယ်မူကိုသာ ဆွေးနွေးစေလို” တဲ့ ရခိုင့်ခေါင်းဆောင်တဦးရဲ့ အမြင်ကိုလေးစားမိပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ ခက်ခဲသလောက် နူးညံ့သိမ်မွေ့ပါတယ်။
ကျနော်တို့ရဲ့ ခရီးစဉ်နဲ့အတွင်းမှာ ရခိုင့်လူမျိုး နိုင်ငံရေးသမားတွေက ဘ၀တူ တိုင်းရင်းသားတွေနဲ့ လက်တွဲ တိုက်ပွဲဝင်မှသာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကို ရရှိနိုင်မယ်လို့ သတိပေးကြပါတယ်။ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးကို တိုက်လာတာ နှစ်ပေါင်း (၆၀) ကျော်ခဲ့ပါပြီ။ အသက်၊ သွေးတွေ ပေးဆပ်ခဲ့ရတာလည်း မနည်းတော့ပြီ။
ကျနော်တို့ တိုင်းရင်းသားတွေဟာ မိမိမြေက ထုတ်လုပ်တဲ့ ဘယ်သယံဇာတ ကိုမှ မခံစားရတာလည်း လွတ်လပ်ရေးနဲ့ အတူပါလာတဲ့ အမွေတွေပါ။ အခုဆိုရင် တိုင်းရင်းသားတို့ရဲ့ သည်းခံခွင့်လွှတ်နိုင်မှုက ထိပ်ဆုံးကို ရောက်နေပြီဆိုတာ နိုင်ငံရေးကိုလေ့လာသူ တော်တော်များများက သဘောတူတဲ့ အချက်တွေ ဖြစ်နေပါတယ်။
“တိုင်းရင်းသားဒေသတွေက ထွက်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ ရောင်းလို့ရတဲ့ ငွေတွေကို တိုင်းရင်းသားတွေ လိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ဒေသဖွံ့ဖြိုးရေးတွေမှာ သုံးသင့်ကြောင်း” ကမ္ဘာဘဏ်ရဲ့ စီးပွားရေးပညာရှင် ဗီကရမ် နေရူးက သတိပေးထားပါတယ်။ လက်ရှိဖြစ်နေတဲ့ ကချင်ပြည်နယ်က စစ်ပွဲတွေဆိုတာလည်း သဘာဝအရင်းအမြစ်ကို ပိုင်ဆိုင်လိုတဲ့ လောဘဇောတွေကြောင့် ဖြစ်ပေါ်လာရတဲ့ စစ်ပွဲတွေဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ပေါများကြွယ်ဝခြင်းဟာ နိုင်ငံနဲ့ လူမျိုးအတွက် ကျိန်စာသင့်တဲ့ ပစ္စည်းဖြစ်နေတယ် ဆိုရင်မှားမယ်မထင်ပါဘူး။ တိုင်းရင်းသားတွေ ဖိနှိပ်မှုခံနေရာတာကို ခံပြင်းနေတဲ့ စာနယ်ဇင်းသမားတဦးက “တိုင်းရင်းသားတွေမှာ ဒူးထောက် အညံ့ခံပြီး သေမလား၊ သတ္တိရှိရှိ တိုက်ပွဲဝင်ပြီး သေမလား ဆိုတဲ့ ရွေးချယ်စရာလမ်းဆုံ လမ်းခွကို ရောက်နေပြီ” လို့ ပြောပါတယ်။

ပြားစရာမရှိတော့တဲ့ ယပ်တောင် (သို့) ရခိုင်လူမျိုး
ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ တွဲဘက်အထွေထွေ အတွင်းရေးမှူး ခိုင်သုခ ပြောဆိုတဲ့ “ဆင်နင်းပေမယ့် ယပ်တောင်က ဒီထက်မပြားတော့ဘူး” ဆိုတဲ့စကားကို သဘောကျလို့ ဒီခေါင်းစဉ်းလေးကို ပေးလိုက်တာပါ။
ကျနော်တို့ ထိုင်းမြန်မာနယ်စပ်က လာတဲ့အဖွဲ့ဟာ ဧပြီလ ၄ ရက်နေ့မှာ ရန်ကုန်ကနေ စစ်တွေကို လေယဉ်နဲ့ သွားရပါတယ်။ နံနက် ၇နာရီ ၄၅ မိနစ်က ထွက်တဲ့လေယဉ်ဟာ နံနက် ၈ နာရီ ၄၀ မိနစ် လောက်မှာ စစ်တွေကို ရောက်ပါတယ်။ လေယဉ်ကွင်းကို ဆင်းလိုက်တာနဲ့ ကျနော်တို့မျှော်မှန်းမထားတဲ့ လူအုပ်ကြီးနဲ့ သွားတိုးပါတော့တယ်။ လူထုသိန်းနဲ့ချီပြီး ကြွေးကြော်သံတွေ အမျိုးမျိုးနဲ့ ကြိုဆိုနေတာကို တွေ့ရလို့ ၀မ်းသာရပါတယ်။
လေဆိပ်ကနေ ကျနော်တို့အစည်းအဝေးလုပ်မယ့် စစ်တွေဟိုတယ်ကို တိုက်ရိုက်သွားဖို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးက ပြောဆိုလာပါတယ်။ ရခိုင်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာအရ ဘုရားကြီးကို ဦးခိုက်ပြီးမှ ဟိုတယ်ကို သွားမှာ  ဖြစ်ကြောင်းညှိနှိုင်းမှုတွေ လုပ်ရပါတယ်။ နောက်ဆုံးတော့ ကျနော်တို့ရဲ့ ဆန္ဒအတိုင်း လိုက်လျောပါတယ်။
လေယဉ်ပေါ်က ဆင်းလာတော့ နှစ်နှစ်ဆယ်လောက် ကွဲကွာနေတဲ့ သူငယ်ချင်းနဲ့ ပက်ပင်းတိုးပြီး အလွမ်းသယ် လိုက်ရပါသေးတယ်။ စစ်တွေမြို့ကို လှည့်ပတ်နေစဉ်မှာ ဆိုင်ကယ်တွေ ကားတွေ အကုန်လုံးနီးပါး လမ်းမပေါ်ထွက် လိုက်လာကြပါတော့တယ်။ အဲဒီနေ့ကတော့ စစ်တွေမြို့ခံတွေ ဒီမိုကရေစီရတဲ့ နေ့အဖြစ် ပြောနေကြပါတယ်။ လမ်းဘေး ၀ဲယာတလျှောက် ကြိုနေကြတဲ့ ရခိုင်လူထုကြီးကို မြင်တွေ့ရတော့ ရခိုင်လူထုတရပ်လုံး ဘာတွေကို မျှော်လင့်နေတယ်ဆိုတာ အာဏာပိုင်တွေ သဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။
လူထု ဒီလောက်များတာ ဘာကြောင့်လဲလို့ သူငယ်ချင်းမိတ်ဆွေ အစိုးရအရာရှိ တဦးကိုမေးကြည့်တော့ “နှိုပ်စက်မှု၊ အနိုင်ကျင့် ခေါင်းပုံဖြတ်မှုကို မခံနိုင်တော့ဘူး၊ လက်နက်မရှိရင် ၀ါးရင်းတုတ်နဲ့ အသေခံတိုက်မဲ့ နေ့ကို တနေ့နေ့တော့ ရောက်လာတော့မယ်ဗျ”။ ကျနော့် မိတ်ဆွေ ပြောတဲ့ စကားပါ။ ဟုတ်လည်း ဟုတ်ပါတယ်။
ခေတ်သစ် လူနေမှုဘ၀အတွက် လျှပ်စစ်ဆိုတာ အင်မတန်မှ အရေးပါတယ်။ ပြည်မဘက်မှာ တယူနစ်ကို ၃၅ ကျပ်သာပေးရပေမယ့် ရခိုင်ပြည်မှာတော့ တယူနစ်နစ်ကို ၄၇၅ ကျပ် ပေးရပါတယ်။ ပြည်မကနေ လျှပ်စစ်သုံးပြီး ထုတ်လုပ်တဲ့ (၁၀၀၀) ကျပ်တန် ကုန်ပစ္စည်းတခုကို ရခိုင်ကထုတ်လုပ်မယ်ဆိုရင် (၁၃၀၀၀) ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလိုကွာဟနေတဲ့လူမှုပတ်ဝန်းကျင်၊ ခွဲခြားဆက်ဆံခံရတဲ့ ရခိုင်လူမျိုးတွေက ဘယ်လိုခံစားရမလဲဆိုတဲ့ ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ စဉ်းစားလိုက်ရင်တောင် ရနိုင်တဲ့အဖြေတွေပါ။
လက်ရှိအစိုးရအတွက် နိုင်ငံခြားဝင်ငွေ အဓိကရှာပေးနေတဲ့ သဘာဝဓါတ်ငွေ့က ရခိုင်ကမ်းမြောင်က ထွက်တာပါ။ ဖေါင်စီးရင်း ရေငတ်ရှာတဲ့ ရခိုင်လူထုရဲ့ အခြေအနေကို မြင်ရတာ တော်တော်ခံပြင်းမိပါတယ်။
တညနေ ညစာစားပွဲမှာ ကျနော်နဲ့ တရပ်ထဲကလာတဲ့ ဒုဗိုလ်မှူးကြီး ကျော်ခင်က ရခိုင်ပြည်နယ် အစိုးရမှာ ဖွံ့ဖြိုးရေးဝန်ကြီး တာဝန်ယူထားသူဖြစ်ပြီး ကံမကောင်းတာက ညစာစားပွဲမှာ ကျနော်နဲ့ ဘေးချင်းကပ်လျက် ထိုင်ရတာပဲ ဖြစ်ပါတယ်။ ညစာစားပွဲဆိုတော့ နည်းနည်းပါးပါး သောက်တဲ့လူကလည်းသောက်ပေမယ့် နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ အခြင်းအရာတွေကို အထူးသဖြင့်ရှောင်လေ့ ရှိကြပါတယ်။
ပြည်နယ်ဖွံ့ဖြိုးရေးဝန်ကြီး ဒုဗိုလ်မှူးကြီးကျော်ခင်ကတော့ သူလုပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ချီးမွန်းခန်းတွေ ဖွင့်ပါတော့တယ်။ ကျနော်ကလည်း ခပ်ထွေထွေဖြစ်နေပြန်၊ ဖေါင်စီးရင်း ရေငတ်နေတဲ့ အဖိနှိပ်ခံ ရခိုင်ပြည်သူတွေအတွက် ခံပြင်းနေရတာကြောင့် စကားတချို့နဲ့ တုန့်ပြန်လိုက်မိတယ်။
“အန်ကယ်လုပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုတာ ဘာလဲ၊ ဖယောင်းတိုင်ထွန်းပြီး ကွန်ပျူတာတက္ကသိုလ် ဖွင့်တာကို ပြောတာလား၊ လူထုတွေကို တအိမ်တယောက် မလိုက်မနေရခေါ်၊ ကျောက်ထု၊ လမ်းဖေါက်တဲ့ ပေါ်တာဆွဲနေတာကို ဖွံ့ဖြိုးရေးလုပ်ငန်းလို့ခေါ်သလားလို့” မေးမိတယ်။ ဦးကျော်ခင် ထင်တာက ကျနော်တို့ဟာ တောထဲမှာနေတဲ့ကောင် ဘာမှမသိဘူး ငါပြောတာကို လက်ခံမယ့်ကောင်တွေလို့ တွေးမိပုံရတယ်။
အဲဒီတော့ ကျနော်က စကားဖြတ်မရတော့ဘူး။ လက်ချာပေးရတော့တယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံရဲ့ ဖွံ့ဖြိုးမှုတွေကို တွက်ချက်တဲ့အခါ လူတဦးချင်းရှဲု လျှပ်စစ်သုံးစွဲမှု ပမာဏကို တွက်ချက်ပြီး ပြောတယ်။ ဒီနည်းနဲ့တွက်ရင် ရခိုင်လူဦးရေ ၄ သန်းလောက်က ကျောက်ခေတ်ကို ပြန်ရောက်သွားတယ်။
“အန်ကယ် ကျနော်တို့ရွာကို ရောက်တုန်းက ကျနော်တို့ အိမ်ရဲ့ မီးဖိုက ဘယ်လိုလဲ ဓါတ်ငွေ့မီးဖိုလား၊ လျှပ်စစ်မီးဖိုလား” လို့မေးမိတယ်။ ရခိုင်ပြည်လူထု (၉၉.၉) ရာခိုင်နှုန်းဟာ ယဉ်ကျေးမှုစပေါ်ကတည်းက စတင်သုံးစွဲခဲ့တဲ့ ဖိုခနောက် သုံးခုကို ဒီနေ့ထိ မီးဖိုအဖြစ် သုံးစွဲနေတုန်းပဲ။ “ဒါဖွံ့ဖြိုးရေးလုပ်ပြီး တိုးတက်နေတဲ့ လူအဖွဲ့အစည်းလား” လို့မေးမိတယ်။
အသက်အရွယ်အားဖြင့် ကျနော့်အဖေ အရွယ်ရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦးကို ပြောမိတာ မှားသွားပြီလားလို့ တွေးမိတယ်။ နောက်တော့ ပြောသင့်တဲ့ အရာကို ပြောလိုက်တာလို့ဘဲ မိမိကိုယ်ကို ဖြေသိမ့်လိုက်တယ်။
ကျနော့်အနားမှာ ထိုင်နေတဲ့ ပြည်နယ်အစိုးရ အရာရှိကြီးတွေ မျက်နှာတွေ ပျက်နေကြတယ်။ ဖွံ့ဖြိုးစေချင်ရင် ပြည်နယ်အစိုးရက လေလံပစ် ရောင်းစားထားတဲ့  ရခိုင်ပြည်နယ်အနှံ့ရှိ ချောင်း၊ မြောင်း၊ မြစ်၊ ပင်လယ်တွေကို ပြည်သူတွေ လွတ်လွတ်လပ်လပ် ငါးဖမ်းခွင့်ရှိအောင် လုပ်ပေးရမယ်လို့ပြောတော့ ထမင်းဝိုင်းတခုလုံး တိတ်ဆိတ်သွားပါတော့တယ်။
စစ်ဖိနပ်ကို လျှာနဲ့လျက်ပြီး ရခိုင်လူထုတွေကို ဂုတ်သွေးစုတ်နေတဲ့ အရှောင်စား စီးပွားရေးသမားတွေနဲ့ ခေတ်သစ် သစ္စာဖောက် ရခိုင်တော်တော်များများကိုလည်း တွေ့ခဲ့ရပါတယ်။ ရာသီဥတု ကောင်းတဲ့ ရခိုင်ပြည်၊ ပင်လယ်ပြင် ပိုင်ဆိုင်တဲ့ရခိုင်ပြည်၊ သဘာဝဓါတ်ငွေ့တွေ ထွက်တဲ့ ရခိုင်ပြည်က မြန်မာနိုင်ငံမှာ ချင်းပြည်နယ် ပြီးရင် အဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတာက ဘာကြောင့်လဲ။ ရခိုင်ကထွက်တဲ့ ပင်လယ်ငါးတွေကို ရခိုင်လူမျိုးတွေ ၀ယ်မစားနိုင်တာ သိပ်မဆန်းတော့ဘူးလို့ ပြောရပါမယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဒုဗိုလ်မှူးကြီးကျော်ခင်ဟာ အမှန်တရားတခုကို ပြောပြခဲ့တယ်။ “ရခိုင်ပြည်မှာ အမျိုးသားတွေ မရှိတော့ဘူး” တဲ့။ သိပ်မှန်တဲ့ စကားဖြစ်ပါတယ်။ ရခိုင်သမီးပျိုတွေ ရခိုင်လူပျိုတဦးနဲ့ လက်ထပ်ချင်ရင် ထိုင်း၊ မလေးရှားကို လိုက်လာပြီး လက်ထပ်ရတဲ့ အခြေအနေကိုရောက်သွားပါပြီ။
ရခိုင်တွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ကိုင်ရာ ပင်လယ်၊ မြစ်၊ ချောင်း အကုန်လုံးကို ဝေစုခွဲပြီးရောင်းစား၊ သဘာဝဓါတ်ငွေ့ တူးလို့ ဘယ်နေရာထိ ငါးမဖမ်းရ၊ တပ်နယ်မြေ မကျူးကျော်ရ၊ တရုတ်ကုမ္ပဏီပိုင် စပါးမစိုက်ရ စတဲ့ဆိုင်းဘုတ်အောက်က ရခိုင်ပြည်သူတွေရဲ့ ဘ၀က ၂၁ ရာစု ခေတ်သစ်ကျွန်စနစ်လို့ ပြောရင်မှားမယ် မထင်ပါ။
လှရွှေ
(အလျဉ်းသင့်သလို ဆက်ရေးပါမည်။)

No comments:

Post a Comment