ခိုင်မာကျော်ဇော် – ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြပါစေ
ခိုင်မာကျော်ဇော် – ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ သမိုင်းကြောင်း ကောင်းကြပါစေ
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄
ဒီနေ့ ကာလဟာ ကေအဲန်ယူအတွက် အရေးကြီးတဲ့ ကာလတခု ဖြစ်သလို
ကရင်အမျိုးသားတွေအတွက်လည်း အင်မတန် အရေးကြီးပြီး ကေအဲန်ယူ ဘယ်လို
ခြေလှမ်းလှမ်းမလဲ ဆိုတာ မျက်လုံး ဒေါက်ထောက် ကြည့်နေ ပြောနေရမယ့် ကာလလည်း
ဖြစ်ပါတယ်။
ဒီနေ့ ကာလမှာ ကေအဲန်ယူ အတွင်း ကေအဲန်ယူရဲ့ မူ၊ ကေအဲန်ယူရဲ့
ပေါ်လစီအပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြီး တပ်ပေါင်းစုနဲ့
အောင်ပွဲပန်းတိုင်ကို အရောက်သွားချင်တဲ့ အမာခံခေါင်းဆောင်တွေနဲ့ အုပ်စုဖွဲ့
လိုရာဆွဲ ကိုယ့်လမ်း ကိုယ်ဖောက် ကိုယ့်ပန်း ကိုယ် ကောက်ချင်နေသူ
လွန်ဆွဲနေတဲ့ ကာလ ဖြစ်ပါတယ်။
ဒါကြောင့် ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ် ညီလာခံခေါ်ဖို့အတွက်ကို ကရင့်ခေါင်းဆောင်ကြီးတွေ စိုင်းပြင်းနေကြပါတယ်။
သမိုင်းတွေကို နောက်ကြောင်းပြန်မဆွဲချင်ပေမဲ့ ကေအဲန်ယူ သမိုင်းမှာ ဒီလို
အရေးပေါ် ညီလာခံခေါ်ပြီး ပြောဆိုဆွေးနွေး စေ့စပ်ညှိနှိုင်း ခဲ့ရတာတွေလည်း
အကြိမ်များစွာရှိခဲ့ပါတယ်။ မပြေလည်ဘဲ ဖဲ့ထွက် ခွဲထွက်၊ လက်နက်ချ၊ ရန်သူနဲ့
ပူးပေါင်းစတဲ့ သမိုင်းကြောင်းတွေရှိခဲ့ သလို အထိန်းကောင်း အဖာကောင်း
ဦးဆောင်မှုတွေကောင်းခဲ့လို့ အချိန်မီ ကုစားနိုင်ခဲ့တဲ့ သာဓကတွေလည်း
ကေအဲန်ယူမှာ ရှိခဲ့ပါတယ်။ စာရေးသူအနေနဲ့ ကေအဲန်ယူ ကရင့်တော်လှန်ရေးမှာ
ပါဝင်ဖြတ်သန်းခဲ့ဖူးတဲ့ အချိန်ကာလအရ ဒီလိုအခြေအနေမျိုး (၂)ကြိမ်
ကြုံခဲ့ဖူးပါတယ်။
အနီးစပ်ဆုံးကတော့ ၂၀၀၃ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံပါ၊
ဒီအကြိမ်ကတော့ ကရင့်သမိုင်းမှာရော ကေအဲန်ယူ သမိုင်းမှာပါ
သြဇာအာဏာကြီးမားတဲ့ ကေအဲန်ယူ ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့
သမိုင်းကို အဖတ်ဆယ်ခဲ့ရတဲ့ပွဲ၊ ကေအဲန်ယူ သမိုင်းကောင်းအောင် ထိန်းခဲ့ရတဲ့
ပွဲတပွဲလို့ပဲ ပြောရပါလိမ့်မယ်။
စာရေးသူအနေနဲ့ ကိုယ့် အဖွဲ့အစည်းနဲ့ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ့်
ပေါင်ကိုယ်လှန်ထောင်းသလို မလုပ်ချင်ပေမဲ့ ဒါတွေဟာ သမိုင်းတွေ
သင်ခန်းစာယူစရာတွေ ယခုအုပ်စုဖွဲ့ ကိုယ်လိုရာ ကိုယ်ဆွဲနေတဲ့
ခေါင်းဆောင်ကြီးတွေအတွက် အရေးပေါ် ကုစားနိုင်မယ်ဆိုတဲ့ မျော်လင့်ချက်နဲ့
ရေးရ ပြောရခြင်းဖြစ်ပါတယ်
၂၀၀၀ ခုနှစ် ကေအဲန်ယူ (၁၂)ကြိမ်မြောက် ညီလာခံအပြီးမှာ ကေအဲန်ယူ ဥက္ကဋ္ဌ
ရာထူးနေရာ အပြောင်းအလဲ ဖြစ်ခဲ့ပါတယ်။ ဥက္ကဋ္ဌ ပဒို စောဘသင်စိန်နဲ့ ဒုဥက္ကဋ္ဌ
ဗိုလ်ချုပ်ကြီးစောဘိုမြပါ။ ဒီအရင်နှစ်တွေက ကေအဲန်ယူအတွင်း ဥက္ကဋ္ဌ ရာထူးကို
ဗိုလ်ချုပ်ကြီး စောဘိုမြက ဆယ်စုနှစ်တစု ကျော်ကျော် တာဝန်ယူခဲ့တာပါ။
ဒါကို အခွင့်ကောင်းတခုလို အသုံးချပြီး ကေအဲန်ယူကို အမဲဖျက်ဖို့
အမြဲစောင့်ကြည့် ချောင်းမြောင်းနေတဲ့ နအဖ ခေါင်းဆောင်တချို့နဲ့
ငြိမ်းချမ်းရေး လုပ်စား ပွဲစားတချို့ မြ၀တီ-မဲဆောက် လမ်းကြောင်းကနေ
ဗိုလ်ချုပ်မြထံကို တိုက်ရိုက်ချဉ်းကပ်ခဲ့ကြတယ်။
ဗိုလ်ချုပ်ကြီးကိုတော့ ကေအဲန်ယူက လူတွေ ဥက္ကဋ္ဌ ရာထူးကနေ
တဖြည်းဖြည်းဖယ်ရှား နေပြီ။ နောက်ဆို ဗိုလ်ချုပ်ကြီး
နေရာပျောက်သွားလိမ့်မယ်။ အခုလက်ရှိ ဒုဥက္ကဋ္ဌ ရာထူး အဆင့်နဲ့ ကျနော်တို့ နဲ့
ငြိမ်းချမ်းရေး စကားပြောပါ၊ ကရင်ပြည်သူတွေအတွက် ဗိုလ်ချုပ်ကြီးသမိုင်းကို
မှတ်တိုင်ထူလိုက်ပါ။ တပ်ပေါင်းစုနဲ့ ခရီးဆက်နေမယ်ဆိုရင်တော့
ဗိုလ်ချုပ်ကြီးတို့ လိုချင်နေတဲ့ ငြိမ်းချမ်းရေးက အလှမ်းဝေးနေလိမ့်မယ်၊
ကျနော်တို့ နဲ့ ဆွေးနွေးကြည့်ပါ၊ ခြေလှမ်းစလှမ်းကြည့်ပါ၊ မနစ်နာရပါဘူး စတဲ့
သူတို့ သုံးနေကျ မဲပြာပုဆိုး အကွက် တကွက်နဲ့ စတင်ခင်းခဲ့ပါတယ်။
အဲ့ဒီအခြေအနေတွေက စပြီး ဗိုလ်ချုပ်မြကိုယ်တိုင် ရန်ကုန်ဆင်း
ဗိုလ်ချုပ်ခင်ညွန့် နဲ့ တွေ့ ခဲ့။ အမေရိကန်အားကိုး၊ တရုတ်အားကိုး ကစလို့ 
ဖထီး၊ ဖိုးတို နဲ့ဆိုတဲ့ သမိုင်းဝင်စကားတွေပြောခဲ့၊ ဗိုလ်ချုပ်မြရဲ့
မွေးနေ့ ပွဲကိုတောင်မှ သူတို့က တခမ်းတနား ကျင်းပပေးခဲ့ကြတာက
ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့တာမို့ ကရင်ပြည်သူတွေ အားလုံးသိကြမှာပါ။
အပေါ်ယံက ကြည့်ရင်တော့ ဗိုလ်ချုပ်ကြီး စောဘိုမြ ကြိုးပမ်းမှုကြောင့်
ကရင်တွေအတွက် ငြိမ်းချမ်းရေး ရောင်ခြည်သန်းဖို့ လမ်းစပြီလို့ ထင်ရပေမယ့်
ကေအဲန်ယူ ဗဟိုကော်မတီနဲ့ တိုင်းရင်းသား ခေါင်းဆောင်ပိုင်းတွေလောက်သာသိပြီး
ကရင်ပြည်သူတွေ မသိတဲ့ အချက်က ၁၉၉၇ ခုနှစ် ကေအဲန်ယူ တပ်မဟာ (၆) နယ်မြေမှာ
လုပ်ခဲ့တဲ့ မယ်သရောထာ သဘောတူညီချက်ကို ဗိုလ်ချုပ်မြ ချိုးဖောက်ခဲ့တာပဲ
ဖြစ်ပါတယ်။ ဒီသဘောတူညီချက်က ကေအဲန်ယူဟာ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို
သဘောတူတယ်။ ဘ၀တူ တိုင်းရင်းသားတွေ မဟာမိတ်တွေနဲ့ အောင်ပွဲပန်းတိုင်ကို
အရောက်သွားမယ်ဆိုတဲ့ သဘောတူညီချက်ပါပဲ။
ဒီအချက်ကို ကေအဲန်ယူ မူပေါ်မှာ ခိုင်ခိုင်မာမာရပ်တည်ခဲ့တဲ့ ကေအဲန်ယူ
ခေါင်းဆောင်တွေက ဗိုလ်ချုပ်မြကို ထောက်ပြကြပါတယ်။ တချိန်တည်းမှာပဲ
ဗဟိုကော်မတီဆုံးဖြတ်ချက်မရဘဲ ခေါင်းဆောင် တဦး တယောက် သဘောထားနဲ့
ဆုံးဖြတ်လို့ မရဘူး ဆိုတာကိုလည်း ပြောခဲ့ကြပါတယ်။ တဖက်မှာလည်း နအဖ ကျား
ငစဉ်းလဲနဲ့ ငြိမ်းချမ်းရေး လုပ်စားပွဲစားတွေက ကေအဲန်ယူကို အမဲဖျက်ဖို့
အတွက် ဗိုလ်ချုပ်မြကို အသေကပ်ထားသလို ဗိုလ်ချုပ်မြရဲ့ နောက်က သူရဲ့
သားတွေရဲ့တပ်တွေ၊ တပ်မဟာ (၇)က ဗိုလ်ချုပ်မြနဲ့ မယား ညီအကို တော်စပ်တဲ့
ဗိုလ်ချုပ်ထင်မောင်နဲ့ နောက်လိုက်တွေကိုပါ မြ၀တီ-မဲဆောက် စီးပွားရေး
ဈေးကွက်ဇုံ ဖွင့်ရေး အကျိုးအမြတ်နဲ့ စည်းရုံးထားကြပါတယ်။
ငြိမ်းချမ်းရေး စာချုပ် ချုပ်ရေး မချုပ်ရေး ကေအဲန်ယူ အတွင်း သဘောထား
ကွဲလွဲမှုတွေ ဖြစ်လာချိန် ဗိုလ်ချုပ်မြ ကျန်းမာရေး ချို့တဲ့ လာတဲ့
အချိန်အထိ မဲဆောက်ဆေးရုံထဲ အထိတောင် ဗိုလ်ချုပ်မြ လက်မှတ်ထိုးဖို့ ကို
တချိန်လုံး စည်းရုံးခဲ့ ကြပါတယ်။
ဒီအခြေအတွေကြောင့် ၂၀၀၃ ခုနှစ်မှာ ကေအဲန်ယူ ဗဟိုကော်မတီ အရေးပေါ်ညီလာခံ
ခေါ်ခဲ့ရပါတယ်။ ဗိုလ်ချုပ်မြနောက်မှာ စစ်တပ်နောက်ခံတွေ ရှိနေတဲ့အတွက်
ကေအဲန်ယူ အမာခံတွေအတွက် လုံခြုံရေး စိတ်မချတာကြောင့် အရေးပေါ် ညီလာခံကို
ကေအဲန်ယူ လွတ်မြောက်နယ်မြေမှာတောင် မကျင်းပနိုင်ဘဲ မဲဆောက်မြို့ စွန်က
ရီဆော့တခုမှာ လုပ်ခဲ့ရပါတယ်။
ဒီဆွေးနွေးပွဲမှာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တာမလာဘော၊
ပဒိုမန်းရှာနဲ့ လက်ရှိ ကေအဲန်ယူမှာ တာဝန်ယူဆဲဖြစ်တဲ့ ပဒိုဒေးဗစ်သာကပေါ်တို့က
မယ်သရောထာမူပေါ်မှာ အမာခံ ရပ်တည် ဆွေးနွေးခဲ့ကြသလို ပဒိုစောဘသင်စိန်နဲ့
ကေအဲန်ယူ နာယကကြီးတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်တာအယ်(ဖူးတင်ဦး) ဗိုလ်ချုပ်
ကျော်သောင်းတို့ က ညီညွတ်ရေးအတွက် ပွဲထိန်းခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ
ခရိုင် တပ်မဟာက ခေါင်းဆောင်တွေကလည်း ကေအဲန်ယူရဲ့  မူနဲ့ ပ်ါလစီပေါ်မှာ
ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြလို့ ဗိုလ်ချုပ်မြကို အချိန်မီတားနိုင်ခဲ့သလို
ကေအဲန်ယူ သမိုင်းကိုလည်း အမည်းစက်မဖြစ်အောင် ထိမ်းသိမ်းနိုင်ခဲ့ကြပါတယ်၊
ဒါကြောင့်မို့ လည်း ဗိုလ်ချုပ်မြရဲ့ တော်လှန်ရေး သမိုင်းဟာ
ဇာတ်သိမ်းကောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် တပ်မဟာ (၇) က
ဗိုလ်ချုပ်ထင်မောင်နဲ့ အဖွဲ့ ကတော့ နောက်ပိုင်းမှာ အဖဲ့ခံလိုက်ရပြီး
ကေအဲန်ယူကနေ တစင်ထောင် ခွဲထွက် သွားကြပါတယ်။
ကေအဲန်ယူ ကရင့်တော်လှန်ရေးဟာ ကမ္ဘာပေါ်မှာ နှစ်အကြာဆုံး သက်တမ်းအကြာဆုံး
တော်လှန်ရေးကြီး တခုပါ၊ ဒီတော်လှန်ရေးကြီးမှာ ပါဝင်ခဲ့၊ တာဝန်ယူခဲ့၊
ထမ်းဆောင်ခဲ့၊ ထမ်းဆောင်နေကြဆဲဖြစ်တဲ့ ခေါင်းဆောင်ကြီးတွေရဲ့
ပေးဆပ်မှုတွေရဲ့ တန်ဖိုးက အလွန်ကို ကြီးမားကြပါတယ်။
ဒါပေမယ့် ကရင့် တော်လှန်ရေးကြီးထဲမှာ အချိန်တွေ ဘယ်လောက်ပဲ
ကြာခဲ့ကြာခဲ့၊ တန်ဖိုးကြီးကြီး ဘယ်လောက်ပဲ ပေးဆပ်ခဲ့ ပေးဆပ်ခဲ့၊
နောက်ဆုံးမှာ အမှားတကွက်ဖြစ်ခဲ့ရင် အဲ့ဒီသမိုင်းဟာ အဲ့ဒီခေါင်းဆောင်အတွက်
ဇာတ်သိမ်းမကောင်းသလို ဖြစ်တတ်တာကို ကျမ သတိထား မိပါတယ်။
ယခုလက်ရှိ ကေအဲန်ယူမှာ၊ ကေအဲန်ယူရဲ့ ဗဟိုမှာ တာဝန်ယူနေတဲ့
ခေါင်းဆောင်ကြီးတွေထဲမှာ နှစ်ပေါင်းများစွာ ပါဝင်ပေးဆပ် လုပ်ကိုင်ခဲ့တဲ့
ခေါင်းဆောင်ကြီးတွေရှိပါတယ်။ ခေါင်းဆောင်ပိုင်းဖြစ်နေလို့ ကို အဖွဲ
့အစည်းရဲ့ မူနဲ့ ပေါ်လစီကို ပိုလို့ အာမခံရ၊ တာဝန်ယူရ၊ စံပြဖြစ်နေရမှာ
ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကိုယ် ဦးဆောင် ဦးရွက် ပြုနေတဲ့ အဖွဲ့အစည်းဟာ
ကိုယ့် ပြည်သူလူထုရဲ့ သဘောဆန္ဒ ကို လေးစားလိုက်နာဖို့ပါ လိုအပ်ပါတယ်။
ပြည်သူ့ သဘောဆန္ဒကို ဆန့်ကျင်တာမျိုး၊ ကိုယ့်အဖွဲ့ အစည်းရဲ့ မူ ပေါ်လစီကို
ချိုးဖျက်တာမျိုး ဖြစ်ရင်တော့ အဲ့ဒီ ခေါင်းဆောင်ရဲ့ သမိုင်း ဇာတ်သိမ်းဟာ
ဘယ်လိုမှ ဇာတ်သိမ်းကောင်းမှာ မဟုတ်ဘူး ဆိုတာကို ကရင် ပြည်သူ တယောက်အနေနဲ့
တင်ပြလိုက်ရပါတယ်။
ခိုင်မာကျော်ဇော
အောက်တိုဘာ ၁၅၊ ၂၀၁၄
Khaingmar Kyawzaw’s Facebook:
https://www.facebook.com/khaingmar.kyawzaw.3
ဆရာမ (ဒေါ်) ခိုင်မာကျော်ဇော ၏ ခွင့်ပြချက်ဖြင့် မိုးမခ တွင် ဖော်ပြခြင်း ဖြစ်သည်။ ဓာတ်ပုံများမှာလည်း ဆရာမ ထံမှ ရသည်။
မဲသရောထာ သဘောတူချက်ကို ဖတ်ချင်ရင် ဒီကို သွားပါ။
http://burmese.burmaethnicstudies.net/index.php/paper/29-2013-07-08-06-06-10