Sunday, October 26, 2014
From Nined Blood
Nined Blood
Yesterday at 11:59am ·
မဟာဗျူဟာအရ ကျရှုံးခြင်း (Strategic Failure)
...................................................................................
အလွတ်သတင်းထောက် ကိုပါကြီးကို စစ်တပ်က ပြောင်ပြောင်တင်းတင်း သတ်ပြခြင်းမှာ လက်ရှိ ၂၀၀၈ - ခု ဖွဲ့စည်းပုံအရ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ထဲက ပါးမွှားလေးပုဒ်မတစ်ခုမျှသာ ဖြစ်တယ်။ ကိုပါကြီး ဆုံးသွားရရှာတယ်ဆိုတဲ့ အချက်တစ်ခုကိုပဲ မကြည့်ပါနဲ့။ ဒီသတ်ဖြတ်မှုနောက်မှာ ရှိနေတဲ့ စစ်တပ်ရဲ့ မဟာဗျူဟာကျကျ အနိုင်ကျင့်နေမှုများကို မြင်အောင် ကြည့်ကြပါ။ မြန်မာစစ်တပ်ဟာ သတင်းထောက်ကို သတ်တဲ့နေရာမှာ အီရတ်နဲ့ ဆီးရီးယားရှိ ISIS တို့ထက် အဆပေါင်းများစွာ ရက်စက်ယုတ်မာကြောင်း သက်သေပြခဲ့ပါပြီ။ ISIS အဖွဲ့တစ်ခု ပေါ်ပေါက်လာခြင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ မဟာဗျူဟာအမှားတစ်ခု ဖြစ်သလို မြန်မာနိုင်ငံမှာ တိုင်းပြည် နွံနစ်နေရခြင်းမှာလည်း စစ်တပ်ရဲ့ မဟာဗျူဟာအမှားလို့ ပြောနိုင်ပါတယ်။
စစ်တပ်က ၁၉၆၂ - ခုနှစ်ကတည်းက တစ်ပါတီစစ်အာဏာရှင်စနစ်၊ မာရှယ်လောဥပဒေ၊ အခု စစ်ကျွန်ဥပဒေနဲ့ တိုင်းပြည်ကို သံလက်သီး၊ သေနတ်ပြောင်းဝနဲ့ အုပ်ချုပ်ခဲ့ကြတယ်။ အဲဒီမဟာဗျူဟာအမှားကို သူတို့မပြင်ချင်ကြဘူး။ တပ်မတော်ဂုဏ်သိက္ခာအရ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်ကြီ်းတွေ စည်းစိမ်မြဲလို့ ဘေးကင်းရန်ရှင်းကြောင်းအတွက် ကျရှုံးနေတဲ့ စစ်တပ်မဟာဗျူဟာကို ဖာထေးဖို့ လက်ရှိသိန်းစိန်အစိုးရနဲ့ ရွှေမန်းလွှတ်တော်ကို ဖန်တီးလိုက်ခြင်းဖြစ်တယ်။ ဒီအဖွဲ့သုံးဖွဲ့ဟာ တာဝန်ကျေကျေနဲ့ ကျရာအခန်းကဏ္ဍကနေ ထမ်းဆောင်နေကြတယ်။ ပြောလိုတာကတော့ စစ်အာဏာရှင်တို့ဟာ ညီညီညွတ်ညွတ်နဲ့ အာဏာကို ထိန်းထားနိုင်ဆဲ ဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။
လွှတ်တော်က မဟာဗြဟ္မာလို စစ်ကျွန်ဥပဒေတွေကို ပြုပေးမယ်၊ အစိုးရက ဗိဿနိုးလို စစ်ကျွန်ဥပဒေ တည်တံ့အောင် အုပ်ချုပ်မယ်၊ စစ်တပ်က သီဝလို သူတို့စနစ်နဲ့ အံမဝင်တဲ့ အဖွဲ့အစည်းတွေကို ချေမှုန်းပစ်မယ်။ ဒါကြောင့်လည်း အပစ်ရပ်ဆွေးနွေးနေတုန်း စစ်တပ်က သွားတိုက်တယ်။ အစိုးရက စစ်တပ်ကို မဝေဖန်ဘူး။ လွှတ်တော်ကလည်း မဝေဖန်ဘူး။ ဘယ်သူကမှလည်း စစ်တပ်ကို သပိတ်မှောက်ပြီး ထွက်မလာကြဘူး။ ဘယ်သူမှလည်း MPC ကနေပဲဖြစ်ဖြစ်၊ UPWC ကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ခွေးတစ်ကောင်ကြောင်တစ်စိမှလည်း USDP အစိုးရကနေ နုတ်ထွက်လိုက်တာ မကြားရဘူး။ ဝန်ကြီးဦးအောင်မင်းတို့က ပျားရည်နဲ့ ဝမ်းချလိုက်ရုံနဲ့ တိုင်းရင်းသားခေါင်းဆောင်တို့က ဝမ်းရှင်းသွားကြတယ်။ ဒါတောင် စစ်တပ်က ကချင်၊ ပလောင်၊ ရှမ်းမြောက်ကို တိုက်လာခဲ့တာ နှစ်ပေါင်းများစွာ ရှိနေပြီ။ ပွင့်ပွင့်လင်းလင်း လက်ရှိနည်းဗျူဟာရွှေ့လျားမှုကြောင့် သေနေတဲ့ စစ်တပ်မဟာဗျူဟာဟာ လှုပ်လှုပ်ရွရွ ဖြစ်လာတယ်။
တပ်မတော်က မူ(၆)ချက်ကို ချမှတ်တယ်။ ဒါဟာ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးအကြောင်း မပြောခင်ကတည်းက ကာချုပ်အဆက်ဆက်က ဖြတ်လေးဖြတ်၊ လိုက်နာရန် (၁၀)ချက်၊ သဘောတူညီချက် (၁၄)ချက်ဆိုပြီး တိုင်းရင်းသားတို့အပေါ် လူးပါးဝခဲ့ပြီသားပါ။ အဲ့ဒါကို မမြင်ဘဲ ဒီအချိန်မှာ စစ်ရေးအရ ဦးစားမပေးသင့်ဘူး၊ နိုင်ငံရေးအရပဲ ဦးစားပေးသင့်တယ်လာပြောရင် ရန်သူရဲ့ သဘောသဘာဝကို လျှော့တွက်မိတာ ထင်ရှားနေတယ်။ UNFC မှာ စစ်ရေးတည်ဆောက်မှု လိုတယ်။ ဒီစစ်ရေးတည်ဆောက်မှုဟာ မြန်မာ့တပ်မတော်ကို လောလောဆယ် ဝင်တိုက်ဖို့ မဟုတ်ဘူး။ လောလောဆယ် တိုက်နေတဲ့ မြန်မာ့တပ်မတော်ကို အပြစ်မမြင်ဘဲ UNFC မှာ လိုနေတဲ့ စစ်ရေးတည်ဆောက်မှုကို အဟန့်အတား ပြုခဲ့ရင် ရန်သူအားပေးမဟုတ်ပေမဲ့ ရန်သူအတွက် အကျိုးရှိစေတယ်။ ပြည်ထောင်စုတပ်မတော်ကို ဝေဖန်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လျှော့တိလျှော့ရဲနဲ့ ရန်သူကို ရင်ဆိုင်ဖို့ စိတ်ဝင်စားသူတွေ၊ တပ်တွင်းဒီမိုကရေစီကို ထောက်ခံပေမဲ့ စစ်ရေးမှာ ဒီမိုကရေစီအပြည့်အဝ ကျင့်သုံးချင်သူတွေဟာ မဟာဗျူဟာအရပဲကြည့်ကြည့်၊ အယူအဆရေးရာအရပဲကြည့်ကြည့် ပဋိပက္ခအသွင်ဆောင်တဲ့ အတွေးအခေါ်သာ ဖြစ်တယ်။
ဟုတ်တယ်။ KNU ဥက္ကဋ္ဌ မူတူစေဖိုး မမှားဘူး၊ သူ့အကြံပေး စောထူးထူးလေးလည်း မမှားဘူး။ သူတို့ကို ထောက်ခံတဲ့ ဒေါက်တာဆလိုင်းလျှံမှုန်ဆားခေါင်းလည်း မမှားဘူး။ UNFC ဟာ အရင်တုန်းက NDF လိုပဲ အလုပ်ဖြစ်မယ်မထင်တဲ့ ရှမ်းတောင်ခေါင်းဆောင်ယွက်ဆစ်လည်း မမှားဘူး။ စစ်အစိုးရကို ပျော့ပျောင်းအောင် ကြိုးစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တောင် မမှားဘူး။ ပုဂ္ဂိုလ်ရေးအရ မိမိတို့ လေးစားနိုင်တဲ့ ပုဂ္ဂိုလ်တွေချည်းပါပဲ။ မိမိတို့အဖွဲ့အသီးသီးမှာ မဟာဗျူဟာမြောက် နည်းပရိယာယ်အရ လှုပ်ရှားချင်ကြတာကိုလည်း သဘောပေါက်ပါတယ်။ ဒါပေမဲ့ အသွင်ပြောင်းထားတဲ့ စစ်အာဏာရှင်စနစ်ကို စစ်အာဏာရှင်စနစ်လို့ မမြင်တော့တာ၊ စစ်တပ်က ဘာပဲလုပ်လုပ် မဝေဖန်ဝံ့တာ၊ စစ်တပ်က နည်းနည်းလေး ဖိအားပေးလိုက်တာနဲ့ မိမိဘက်က အကွဲအပြဲတွေ ဖြစ်တာဟာ ဒီအဖွဲ့အစည်းတွေရဲ့ နည်းဗျူဟာအားနည်းချက် ဖြစ်တယ်။ နည်းဗျူဟာမှာ အားနည်းနေခဲ့ရင် အောင်မြင်တဲ့ မဟာဗျူဟာတစ်ခု ဖြစ်ဖို့ မလွယ်ဘူး။
မြန်မာ့တပ်မတော်ကို ရန်သူလို့ မသတ်မှတ်ချင်ရင် ရတယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်ကို ရင်ဆိုင်တဲ့နေရာမှာ အဖွဲ့ချင်းအလိုက်၊ တပ်ပေါင်းစုအလိုက်၊ ညွန့်ပေါင်းအလိုက် မဟာဗျူဟာ ချမှတ်ရမှာ ဖြစ်တယ်။ ဘယ်အဆင့်မှာမဆို မိမိတို့ရဲ့ မဟာဗျူဟာကို မိမိတို့နဲ့ ပတ်သက်သူများက ကောင်းကောင်းနားလည်ထားဖို့ လိုတယ်။ ဒါကို နားမလည်ရင် အခု NLD လို ကွဲပြားတဲ့ အမြင်တွေ ထွက်လာမှာပဲ ဖြစ်တယ်။ UNFC မှာလို ကွဲတော့မလို လွဲတော့မလို ဖြစ်နေမှာပဲ။ ကွဲလွယ်ရှလွယ် ဖြစ်နေမှာပဲ။ ကိုယ့်ပါတီက ဘာလုပ်နေလဲ မသိလို့၊ ကိုယ့်အဖွဲ့ ဘာလုပ်နေလဲ မသိလို့ ပူးပေါင်းဆောင်ရွက်မှု လျှော့ရဲနေရတဲ့အထဲ ဝုန်းကနဲ ထပေါက်ကွဲတဲ့ အဖွဲ့ဝင်တွေ ရှိလာတဲ့အခါ ကွဲကြတော့တာပဲ။ ဥပမာ - KNU က UNFC ကနေ ထွက်မယ်လို့ Sign ပေးခဲ့သလား၊ မပေးဘဲ ထွက်ခဲ့ရင် အငိုက်ဖမ်းတယ်လို့ ခေါ်တယ်၊ ထွက်မယ်လို့ အရိပ်အယောင်ပြခဲ့ရက်သားနဲ့ အခြားအဖွဲ့ဝင်တွေက မရိပ်မိခဲ့ရင် ဒါဟာ မိမိအဖွဲ့ရဲ့ The nature's domain ကို မဖိတ်မိခြင်း ဖြစ်တယ်။ ဒါဟာ မဟာဗျူဟာကျရှုံးမှု ဖြစ်တယ်။ ရန်သူကို ဘယ်တော့မှ အနိုင်တိုက်နိုင်မှာ မဟုတ်ဘူး။
လိုရင်းကို ပြောရရင် -
၁။ Quasi Federal System ကို လက်မခံလို့ Unitary system အောက်မှာ ပြားပြားဝပ်နေတဲ့ လက်ရှိတိုင်းရင်းသားများဟာ Genuine Federal System ကို ရဖို့ တိုက်ပွဲဝင်နေတာ ဖြစ်တယ်။ ဒါကြောင့် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး၊ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဟာ တိုင်းရင်းသားတို့ရဲ့ မဟာဗျူဟာတစ်ခု ဖြစ်တယ်။ ဒီမဟာဗျူဟာအောင်မြင်ရေးအတွက် well-equiped ဖြစ်ရမယ်၊ Political & Military Allies တွေ ရှိရမယ်။
၂။ NCCT ဆိုတာ UNFC နဲ့ Non-UNFC တို့ရဲ့ မဟာဗျူဟာထဲမှာ နည်းဗျူဟာအထောက်အကူတစ်ခု (Tactical Strategy) တစ်ခုမျှသာ ဖြစ်တယ်။ မဟာဗျူဟာတစ်ခုလုံးရဲ့ Everthing မဟုတ်ဘူး။ အဲ့ဒီမဟာဗျူဟာရဲ့ Something မျှသာ ဖြစ်တယ်။ ဒါကို ရှင်းအောင် သိထားရမှာ ဖြစ်တယ်။
တိုင်းရင်းသားတို့မှာ မဟာဗျူဟာကောင်းကောင်း ရှိနေခဲ့ရင်၊ အဲဒီမဟာဗျူဟာကို အဖွဲ့ဝင်တိုင်းက နားလည်သဘောပေါက်ပြီး နာခံခဲ့ရင် UNFC နဲ့ Non-UNFC ဆိုပြီး ကွဲနေမှာမဟုတ်ဘူး။ FUA ဖွဲ့စည်းရေးကြောင့် အပစ်ရပ်ရေး အခက်မကြုံအောင် MPC က မိမိတို့ကို ရှင်းပြသလို မိမိတို့ကလည်း MPC ကို ရှင်းပြလိုက်ရုံပဲ ဖြစ်တယ်။ NCCT အနေနဲ့ ဒီတာဝန် ယူသင့်တယ်။ အခု အဲ့လို မဟုတ်ဘဲ NCCT တစ်ခုထဲနဲ့ အာဏာလုကြ၊ အမြင်တွေကွဲကြ၊ အချင်းချင်းအထင်တွေ လွဲကြဆိုရင် ပရိုဂျက်နိုင်ငံရေးအဆင့်မျှသာ ဖြစ်တယ်။ မဟာဗျူဟာမြောက်နိုင်ငံရေးအခင်းအကျင်း မဟုတ်ဘူး။ မြန်မာ့တပ်မတော်က သူတို့ရဲ့ မဟာဗျူဟာအမှားကို ဖာထေးပြီး ရှေ့ဆက်သွားနေဖို့ ကြိုးစားနေတယ်။ မိမိတို့က ရန်သူကို အထင်ကြီးလွန်းပြီး ကိုယ့်ကိုယ်ကို အထင်သေးလွန်းနေခဲ့ရင် အလုပ်မဖြစ်ဘူး။ ရန်သူခင်းကျင်းတဲ့ နည်းပရိယာယ်ထဲမှာ မျောပါသွားခဲ့ရင်လည်း ရန်သူရဲ့ မဟာဗျူဟာပဲ အောင်မြင်သွားဖွယ်ရှိတယ်။ ကိုယ့်မဟာဗျူဟာ အောင်မြင်ဖို့ မရှိဘူး။ အဲ့ဒီမဟာဗျူဟာနှစ်ခု တူခဲ့ရင် ပြည်တွင်းစစ် ဖြစ်စရာအကြောင်း မရှိဘူး။ ဒါကြောင့် win-win ပေါ်လစီ ရဖို့ အင်အားချိန်ခွင်လျှာညှိဖို့ လိုကိုလိုနေမှာ ဖြစ်တယ်။ မဟာဗျူဟာတွေ ရှိတယ်၊ အဲ့မဟာဗျူဟာအတွက် လိုအပ်တဲ့ equipments တွေကို မတည်ဆောက်ဘူး၊ တည်ဆောက်ရေးလုပ်လို့ အဖွဲ့ကနေ ထွက်ချင်တယ်ဆိုရင် ထွက်ကြဖို့ပဲ ရှိတယ်။ ရန်သူအကြိုက် လိုက်လုပ်နေခဲ့ရင် မဟာဗျူဟာမရှိတာနဲ့ အတူတူပဲ ဖြစ်တယ်။ နဂိုကတည်းက မရှိခဲ့တော့ ကျရှုံးမှုလည်း ရှိစရာမလိုဘူးလေ။ ပြီးမှ ပြည်တွင်းစစ်အနာကြောင့် ခေါင်းကိုက်ပါသလေ ဘာသလေ မပြောဖို့ပဲ လိုတယ်။ မလွတ်လပ်သေးရင် နယ်စပ်ရောက်မှ ဒုက္ခသည်တွေလို့ ခေါ်ရမှာမဟုတ်ဘူး။ ဟိုချင်းတောင်တန်းမှာ နေတဲ့ ခြေသလုံးအိမ်တိုင်တွေလည်း မြန်မာ့တပ်နှိပ်စက်ခံနေရတာမို့ ဒုက္ခသည်ပဲ ဖြစ်တယ်။ အညာမှာ ရှိနေတဲ့ ဗမာတွေလည်း ဒုက္ခသည်တွေပဲ ဖြစ်တယ်။ အလကားသက်သက် အသတ်ခံရတဲ့ သုံးရောင်ခြယ်အဖွဲ့ဝင် ကိုပါကြီးရဲ့ မိသားစုဝင်တွေလည်း ဒုက္ခသည်တွေပဲ။
ဒီစစ်တပ်ကို ပေါ့ပေါ့တွက်မိရင် ခင်ဗျားတို့အကြီးအကျယ် ခံစားသွားနေကြရဦးမယ်။ မဟာဗျူဟာကျကျ ခုခံရုံနဲ့ မရဘူး၊ မဟာဗျူဟာကျကျ တော်လှန်နိုင်မှ ဖြစ်မယ်ဆိုတာ မကြာခင် တွေ့လာရမှာ ဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment